
နေပြည်တော်၊ ဩဂုတ် ၁၅
မြန်မာနိုင်ငံဆေးဝါးနှင့်ဆေး ပစ္စည်းထုတ်လုပ်သူများအသင်းက ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန် ဆေးနှင့်ဆေးပစ္စည်းများ၊ ရေဘေးသင့်ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေများကို ကျန်းမာရေးဝန်ကြီးဌာနသို့ ယမန်နေ့က လာရောက်လှူဒါန်းသည်။
မြန်မာနိုင်ငံ ဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်းဥက္ကဋ္ဌနှင့် ကုမ္ပဏီများမှ တာဝန်ရှိသူများက ယနေ့မွန်းလွဲပိုင်းက ကျန်းမာရေးဝန်ကြီးဌာန ရုံး အမှတ်(၄) အစည်းအဝေးခန်းမ၌ လာရောက်လှူဒါန်းကြရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက လှူဒါန်းမှုအတွက် ကျေးဇူးတင်စကားပြောကြားပြီး မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်း ထုတ်လုပ်သူများအသင်းဥက္ကဋ္ဌက ဆေးနှင့်ဆေးပစ္စည်းများ၊ အလှူငွေများလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
အဆိုပါ လှူဒါန်းပွဲတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များထံ အလှူရှင်ကုမ္ပဏီများမှ တာဝန်ရှိသူများက ဆေးနှင့်ဆေးပစ္စည်းများ၊ အလှူငွေများကို ပေးအပ်၍ ဂုဏ်ပြုမှတ်တမ်းလွှာ များ ပြန်လည်ပေးအပ်ခဲ့သည်။
ယနေ့ လာရောက်လှူဒါန်းမှုသည် ငွေကျပ်သိန်း ၃၇၀၀ ကျော် တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများနှင့် အလှူငွေကျပ်သိန်း ၇၁၀ ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#News #Myanmar