
ဖလမ်း၊ ဩဂုတ် ၁၅
ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များ၏ အနီးကပ်ဦးဆောင်ကြီးကြပ်မှုဖြင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ဖလမ်းခရိုင်နှင့် မြို့နယ်ရှိ ဌာနဆိုင်ရာရုံးအဆောက်အအုံများကို ဒေသခံကုမ္ပဏီများက ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြို့တော်ခန်းမပြန်လည် ပြုပြင်နေမှုကို ယမန်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအဖြစ် ကျောင်းသား ကျောင်းသူများအား အာဟာရတိုက်ကျွေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
အလားတူ တီးတိန်မြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဌာနဆိုင်ရာရုံး အဆောက်အအုံများနှင့် မြို့တွင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် ကော်မတီဝင်များသည် မြို့နယ်သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာလေးခန်းတွဲ နှစ်ထပ်အဆောက်အအုံ၊ ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအော်တို အိတ်ချိန်းရုံးပျက်စီးမှုကို လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့မရပ်ကွက်ရှိ Dr. Vungh Suan Thang(ဝုန်ဆွမ်းထန်) လမ်းရေစီးရေလာကောင်းမွန်စေရေး မြောင်းဆယ်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ လိန်တုန်လမ်းနှင့် လွီးစုလမ်းသန့်ရှင်းသာယာလှပရေး ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့အတူ တွန်းဇံမြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူးသည် ကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဌာနဆိုင်ရာ အဆောက်အအုံများဖြစ်သည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ မြို့နယ်ရုံး(အသစ်) ပြုပြင်ခြင်း၊ လူငယ်သင်တန်းကျောင်း၏ ကျောင်းသား အိပ်ဆောင်ပြုပြင်ခြင်း၊ လျှပ်စစ်ရုံး၏လေးခန်းတွဲ ဝန်ထမ်းအိမ်ရာပြုပြင်ခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#News #Myanmar