Myanmar National Post

မြန်အောင်တာ တာမိုင် ၆/၇ - ၇/၀ အတွင်း စွန့်ပစ်တာအနီး ကမ်းပြိုကမ်းစား လျော့ပါးသက်သာစေရန် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


နေပြည်တော်၊ ဩဂုတ် ၁၆

မြန်အောင်မြို့နယ်ရှိ မြန်အောင်တာ တာမိုင် ၆/၇ - ၇/၀ အတွင်း စွန့်ပစ်တာအနီး ကမ်းပြိုကမ်းစား လျော့ပါးသက်သာစေရန် ထိန်းသိမ်းရေးလုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေကင်းစခန်းတွင် အရေးပေါ်ပစ္စည်းများ စုဆောင်းထားရှိမှု၊ ပန်းတာကြံ့ခိုင်မှုအခြေအနေကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးစဉ် တာတမံထိခိုက်စေနိုင်သည့် အချက်များတွေ့ရှိပါက အချိန်မီကာကွယ်နိုင်ရေးလုပ်ငန်းစဉ်များ၊ သတိပြုရမည့်အချက်များ၊ ဆောင်ရွက်ရန်လိုအပ်ချက်များ၊ စုဆောင်းထားရှိသည့် အရေးပေါ်ပစ္စည်းများကို လိုအပ်သည့်နေရာများသို့ အမြန်ဆုံးသယ်ယူ ပို့ဆောင်နိုင်ရေး၊ ထပ်မံလိုအပ်ပါက ရေလမ်း၊ ကုန်းလမ်းမှ ဖြည့်စွက်ထားရှိနိုင်ရေး ကြိုတင် စီစဉ်ထားရန်၊ အရေးပေါ်အခြေ အနေကြုံတွေ့လာပါက ထိရောက်လျင်မြန်စွာ တုံ့ပြန်ကာကွယ်နိုင် ရေး၊ ကျေးရွာများတွင် ရေဘေးကာကွယ်ရေး အရေးပေါ်ဆောင်ရွက်မှုများကို သရုပ်ပြလေ့ကျင့် ခြင်းများ ချက်ချင်းလုပ်ဆောင်ကြရန် ဆွေးနွေးမှာကြားသည်။

ထို့ပြင် တာဝန်ရှိသူများ၊ ဒေသခံမြို့မိမြို့ဖများနှင့် တွေ့ဆုံပြီး ဒေသနေပြည်သူများကိုယ်တိုင် ပါဝင်သော အရပ်ရေကင်းစခန်းများနှင့် ဌာန၏ ရေကင်းစခန်းများ ချိတ်ဆက်ပူးပေါင်းဆောင်ရွက် နေမှု၊ တာတမံ ကြံ့ခိုင်မှု၊ မိုးကာလ ရေကင်းတာဝန်ချ လှည့်လည်ဇယားများ၊ အရေးပေါ်ဆောင်ရွက် မည့်အစီအစဉ်များကို ဆွေးနွေးခဲ့ ကြသည်။

အဆိုပါ ခရီးစဉ်၌ ဓနုဖြူ မြို့နယ်အတွင်း တာမိုင် (၄၃/၃) ရှိ အလမျိုးရေကင်းစခန်း မြို့မဒေသ စိတ်၊ တာမိုင် (၄၆/၃) ရှိ မရမ်းချောင်းရေကင်းစခန်း မြို့မဒေသစိတ်၊ ညောင်တုန်းမြို့နယ်အတွင်း တာမိုင် (၆၇/၄) ရှိ ကြိမ်ပင်ဆယ် ရေကင်းစခန်း စက္ကော့ဒေသစိတ်နှင့် ညောင်တုန်းကျွန်းတာ တာမိုင် (၂၄/၁) ရှိ ဝါးတောရေကင်းစခန်း၊ မအူပင်မြို့နယ် မအူပင်ကျွန်းတာ (တောင်ပိုင်းတာ) တာမိုင် (၇/၀) ရှိ မင်းဘောရေတံခါးကြံ့ခိုင်မှု၊ ရေဝင် ရေထွက်အခြေအနေနှင့် ကျိုက်လတ်မြို့နယ် လတာကြီးကျေးရွာ အနီး တာမိုင် (၁၈/၀) ကမ်းပြိုကမ်းစားမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post