
ပဲခူး၊ ဩဂုတ် ၁၆
သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လက်ပံတန်းမြို့နယ် အုန်းကုန်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်း ရေတိုက်စားခြင်းအား ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လက်ပံတန်းမြို့နှင့် မိုးညိုမြို့တို့ကို ရေဘေးကာကွယ်ပေးထားသည့် ဧရာဝတီမြစ်အရှေ့ဘက်ရှိ ရေဘေးကာကွယ်ရေးတာများကို ပဲခူး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတို့သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယမန်နေ့က ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် လက်ပံတန်းမြို့နယ် ကွမ်းသီးတစ်ပင်ကျေးရွာအုပ်စု စာနီစုကျေးရွာအနီးရှိ ဧရာဝတီ အရှေ့ဘက်ကမ်းတာ တာမိုင်၉/၀ ၌ ကမ်းရင်းတာကမ်းပါး ရေတိုက်စား မှုဖြစ်ပေါ်ခဲ့ရာ ကာကွယ်နေမှု အခြေအနေနှင့် ပန်းတာကြံ့ခိုင် ရေးပြင်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဧရာဝတီအရှေ့ဘက်ကမ်း ရေဘေးကာကွယ်ရေးတာ များသည် သက်တမ်းကြာမြင့်သည့် မြေသားတာပေါင်များဖြစ်ခြင်း၊ ဧရာဝတီမြစ်ကြောင်း ပြောင်းလဲခြင်းတို့ကြောင့် တာများ၏ ကြံ့ခိုင်မှုကို ရေကင်းများထားရှိ၍ စဉ်ဆက်မပြတ်စောင့်ကြည့်ရန်၊ တာပြင်ဆင်ရန် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထားရှိရန် မှာကြားသည်။
အလားတူ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ရေဘေးကာကွယ်ရေးတာများ ရေရှည်တည်တံ့ရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားပြီး ထောက်ပံ့ပစ္စည်း၊ နေ့လယ်စာထမင်းဘူး၊ ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေနှင့် စာနီစုရေဘေးကာကွယ်ရေး ပန်းတာကြံ့ခိုင်မှု ဆောင်ရွက်နေကြသော ဌာနဆိုင်ရာများ၊ ဒေသခံလုပ်အားပေးများအတွက် ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
#News #Myanmar