
ဩဂုတ် - ၁၆
စစ်ပွဲစတင်ချိန်မှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ခံခဲ့ရပေမဲ့လည်း အီရန်ရဲ့ စစ်ရေးစွမ်းရည်တွေ မြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန်လာတာကို တွေ့ရလို့ အစ္စရေး ကာကွယ်ရေး အရာရှိတွေ တော်တော်လေး အံ့အားသင့်သွားကြတယ်လို့ ဂျေရုစလင်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။
ဒီအပတ် စောစောပိုင်းတုန်းကလည်း အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) တပ်မှူးချုပ်ရဲ့ အကြီးတန်း အကြံပေးက အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်းထုတ်လုပ်မှုနှုန်းဟာ လက်ရှိ အသုံးပြုနေတဲ့ နှုန်းထက်တောင် ပိုများနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဗိုလ်မှူးချုပ် မိုဟာမက်ရီဇာနက်ဒီ က Press တီဗီသတင်းဌာန ကို ပြောရာမှာ "ဒီစစ်ပွဲဟာ နှစ်ပေါင်းများစွာ ကြာမြင့်သွားရင်တောင် ငါတို့ရဲ့ ဒုံးကျည်တွေဟာ ရန်သူ့အပေါ် ဆက်လက် မိုးရွာသွန်းသလို ကျရောက်နေဦးမှာပဲ" လို့ ဆိုခဲ့တာပါ။
ကြာသပတေးနေ့က ထွက်လာတဲ့ ဂျေရုစလင်ပို့စ် သတင်းပါ ဆောင်းပါးမှာတော့ အီရန် အကြီးတန်းအရာရှိတွေရဲ့ လက်နက်ထုတ်လုပ်မှု အရှိန်မြှင့်တင်နေတယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ မှန်ကန်ကြောင်း သူတို့ဘာသာ သီးခြား အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ပွဲရဲ့ အပြင်းထန်ဆုံးကာလ ဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်းနဲ့ ဧပြီလအစောပိုင်းကြားမှာ အမေရိကန်နဲ့ အစ္စရေးတပ်တွေဟာ အီရန်နိုင်ငံကို အကြိမ်ပေါင်း ၃၀,၀၀၀ နီးပါး တိုက်ခိုက်ခဲ့ပြီး ဒုံးကျည်နဲ့ စစ်ဘက်ဆိုင်ရာ စက်မှုပစ်မှတ်ပေါင်း ၂,၆၀၀ ကျော်ကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့တာကြောင့် အီရန်ရဲ့ ကာကွယ်ရေးစက်မှု လုပ်ငန်းဟာ နှစ်ပေါင်းများစွာ နောက်ပြန်ဆုတ်သွားခဲ့ပြီလို့ အစ္စရေးစစ်တပ် (IDF) က လပေါင်းများစွာ ပြောဆိုလာခဲ့တာဖြစ်ကြောင်း ဆောင်းပါးမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ အခုအခါမှာတော့ အစ္စရေးစစ်တပ် (IDF) နဲ့ မော့ဆတ် ထောက်လှမ်းရေးအေဂျင်စီ နှစ်ခုလုံးက တီဟီရန် (အီရန်) အနေနဲ့ သူတို့ရဲ့ ဘာလစ်စတစ် ဒုံးကျည်တွေနဲ့ အခြား အဓိက လက်နက်သိုလှောင်မှုတွေကို အခုလို မြန်မြန်ဆန်ဆန် ပြန်လည်ဖြည့်တင်းနိုင်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ကြကြောင်း ဝန်ခံထားတယ်လို့ ဆိုပါတယ်။
အစ္စရေး အရာရှိတွေရဲ့ ပြောကြားချက်အရ အီရန်ဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် ထိခိုက်သွားခဲ့တဲ့ မြေအောက်ဒုံးကျည်စခန်းတွေကို မြန်မြန်ဆန်ဆန် ပြန်လည်လည်ပတ်နိုင်ခဲ့ရုံတင် မကဘဲ လက်နက်အမြောက်အမြား ပြန်လည်တည်ဆောက်ဖို့အတွက် တီထွင်ဆန်းသစ်တဲ့ အခြားနည်းလမ်းတွေကိုပါ ရှာဖွေတွေ့ရှိခဲ့ကြတာပါ။
ဆောင်းပါးမှာ သုံးသပ်ထားတာကတော့ တေဟီရန်အနေနဲ့ တစ်လကို ဒုံးကျည် အစင်း ၁၀၀ ကနေ ၃၀၀ ကြား ဆက်လက်ထုတ်လုပ်နေမယ်ဆိုရင် လာမယ့် ၂၀၂၈ ခုနှစ်မှာတင် အစ္စရေးအတွက် ဟန့်တားရခက်ခဲတဲ့ ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်လို့ ဆိုထားပါတယ်။
REF: RT
#News #Myanmar