



အောင်လံ၊ ဩဂုတ် ၁၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှဦးစီး၍ အောင်လံမြို့နယ်အတွင်းရှိ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက သရက်တော ရပ်ကွက်၊ လယ်ပြင်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အားပေးစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်ဆိုသည်မှာ ကြိုတင်ခန့်မှန်းရခက်ခဲသဖြင့် ရုတ်တရက်ရင်ဆိုင်ကြုံတွေ့ရချိန်၌ ပြည်သူများအနေဖြင့် စိတ်ဓာတ်မကျဘည်း သတိပြုနေထိုင်ကြရန် လိုအပ်ကြောင်း၊ မိုးလေဝသအခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ထုတ်ပြန်သည့် သတင်းများကို စနစ်တကျ စောင့်ကြည့်လေ့လာကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရစဉ်ကာလအတွင်းအခက်အခဲများ လျှော့ချနိုင်ရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို အချိန်နဲ့တစ်ပြေးညီ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိဘပြည်သူများ၏ ဘေးကင်းလုံခြုံရေးနှင့် စားဝတ်နေရေး အဆင်ပြေစေရန်အတွက်လည်း တာဝန်ရှိသူများဘက်မှ အစွမ်းကုန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားခဲ့သည်။
ထို့နောက် အောင်လံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများအတွက် ဆန် (၃) အိတ်၊ ဆီ (၅) ပိဿာ၊ ခေါက်ဆွဲ ခြောက်၊ ၁ လီတာဝင် ရေသန့်ဘူးများနှင့်ဘူး စသည့် စားသောက်ကုန်ထောက်ပံ့ပစ္စည်းများကို လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့ခဲ့ကြသည်။
ဆက်လက်၍ တာဝန်ရှိသူများက ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် မြို့နယ်အတွင်းရှိ ရေဝင်ရောက်လျက်ရှိသော ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ ရေတက်ရောက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ကွင်းဆင်းကြည့်ရှုစဉ် ရေဘေးသင့် ပြည်သူများ ဘေးကင်းလုံခြုံသည့် နေရာများသို့ ရွှေ့ပြောင်းနိုင်ရေးနှင့် ၎င်းတို့၏ အိမ်ထောင်စုပစ္စည်းများကို လုံခြုံစွာရွှေ့ပြောင်းပေးနိုင်ရေးအတွက် တာဝန်ရှိသူများ၊ ကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အာကာ
#News #Myanmar