Eleven Media Group

ဒုဌဝတီမြစ်ရေသည် သြဂုတ်လ ၁၆ ရက်နေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်ရ  မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ်အောက်သို့  ပြန်လည်ရောက်ရှိလာ

ဒုဌဝတီမြစ်ရေသည် မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ်အထက် ၄ ပေခန့်ထိ ရက်သတ္တပတ်တစ်ပတ်ကြာ တည်ရှိခဲ့ရာမှ သြဂုတ်လ ၁၆ ရက်နေ့ တွင် စိုးရိမ်ရေမှတ်အောက် ၈၃၅ စင်တီမီတာ သို့ ပြန်လည်ကျဆင်းလာကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားကြောင်း သိရှိရသည် ။

အထက်ပိုင်းဒေသများတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့အထက်ပိုင်းမှ စတင်၍ မြစ်ဖျားခံ စီးဆင်းလျှက်ရှိသော ဒုဌဝတီမြစ်ရေမှာ မြစ်ငယ်မြို့၏ စိုးရိမ်ရေအမှတ် ၈၇၀ စင်တီမီတာအထက်သို့ သြဂုတ်လ ၈ ရက်နေ့တွင် ကျော်လွန်ရောက်ရှိလာခဲ့ပြီး သြဂုတ် ၁၁ ရက်နေ့ တွင် စိုးရိမ်ရေမှတ်အထက် ၄ ပေခန့်အထိ ကျော်လွန် ရောက်ရှိခဲ့ကြောင်း ဒုဌဝတီမြစ်ရေတိုင်းထွာရေးစခန်း(မြစ်ငယ်မြို့) မှ သိရှိရသည် ။ အဆိုပါမြစ်ရေအမှတ်မှာ သြဂုတ်လ ၁၂ ရက်နေ့မှစတင်၍ အကျဘက်သို့ ဦးတည်ကျဆင်းလာခဲ့ပြီး ယနေ့ သြဂုတ်လ ၁၆ ရက်နေ့ နံနက် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်းဖြစ်သည် ။

"သြဂုတ်လ ၈ ရက်နေ့ မနက် ၅ နာရီခွဲတိုင်းထွာချက်အရ ဒုဌဝတီမြစ်ရေဟာ ၈၇၉ စင်တီမီတာနဲ့ မြစ်ငယ်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို စပြီး ကျော်လွန်ရာကနေ ၁၁ ရက်နေ့မှာ ၉၈၇ စင်တင်မီတာထိ မြင့်တက်ခဲ့တယ် ။ ကနေ့ သြဂုတ်လ ၁၆ ရက်နေ့ မနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ၈၃၅ စင်တီမီတာနဲ့ စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်းလာပါပြီ ။ ဒါက ၂၄ နာရီအတွင်း ၂ ပေကျော်ထိ ကျဆင်းလာတာပါ " ဟု ဒုဌဝတီမြစ်ရေတိုင်းထွာရေးစခန်း(မြစ်ငယ်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဒုဌဝတီမြစ်ရေမှာ မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိခြင်းကြောင့် အမရပူရ ၊ စဉ့်ကိုင် ၊ ပုလိပ် ၊ တံတားဦး ၊ အင်းဝ မြို့နယ်များအတွင်းရှိ ကျေးရွာများမှာ ရေဝင်ရောက်ခဲ့ပြီး ရေလွှတ်ရာသို့ ပြောင်းရွှေ့နေထိုင်မှုများပြုလုပ်ခဲ့ကြရသည် ။

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းလာသည့် ဒုဌဝတီမြစ်ရေမှာ ဧရာဝတီမြစ်အတွင်းသို့ စစ်ကိုင်း-အင်းဝ အနီးတွင် ပေါင်းဆုံ စီးဝင်ခြင်းဖြစ်ပြီး စစ်ကိုင်းမြို့ အောက်ပိုင်း ဧရာဝတီမြစ်ရေမှာ မြင်းမူ ၊ပခုက္ကူ ၊ညောင်းဦးမြို့များ၏ စိုးရိမ်ရေအမှတ်အသီးသီးသို့ ကျော်လွန်လျှက်ရှိရာမှ ယခုအခါ ပြန်လည်ကျဆင်းလျှက်ရှိပြီဖြစ်သည် ။

ဒုဌဝတီမြစ်ရေမှာ ၂၀၀၆ ခုနှစ် အောက်တိုဘာလအတွင်းက မြစ်ငယ်မြို့၏ အမြင့်ဆုံးစံချိန် ၁၀၄၈ စင်တီမီတာအထိ ရောက်ရှိခဲ့ကြောင်း ၊ ယင်းစံချိန်မှာ မြစ်ငယ်မြို့၏ စိုးရိမ်ရေမှတ်အထက် ၆ ပေနီးပါးအထိ ကျော်လွန်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး မြစ်ရေတိုင်းထွာရေးစခန်း စတင်တည်ထောင်သည့်အချိန်မှစ၍ နှစ်ပေါင်း ၆၀ ကျော် အတွင်း အမြင့်ဆုံးရောက်ရှိခဲ့သည့် စံချိန်တင် ရေအမှတ်ဖြစ်ကြောင်း သိရှိရသည် ။

မူရင်းသတင်း — Eleven Media Group