
ထိုင်းနိုင်ငံ ကျန်ချနဘူရီခရိုင် စံခလဘူရီမြို့နယ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၅၂) ဦး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၁၃) ရက်နေ့ ဒေသစံတော်ချိန်ည (၁၁) နာရီဝန်းကျင်အချိန်ခန့်က ကန်ချဘူရီခရိုင်၊ စံခလဘူရီမြို့နယ် နောင်လူကျေးရွာအုပ်စု၊အမှတ် (၈) ကျေးရွာအနီးတောစပ်အတွင်း ပုန်းအောင်းနေသည့် အထောက်အထားမဲ့မြန်မာနိုင်ငံသား (၅၂) ဦးအား နမ့်ကိတ်အဖွဲ့စုံပူးပေါင်းစစ်ဆေးရေးဂိတ်မှ ထိုင်းအာဏာပိုင်များနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ တွေ့ရှိ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိခဲ့သည့် အထောက်အထားမဲ့မြန်မာနိုင်ငံသားများမှာ မည်သည့်အထောက်အထား စာရွက်စာတမ်းများမပါရှိကြသည့်အပြင် ထိုင်းစကားလည်း နားမလည်ကြသလို၊ ထိုင်းစကားလည်း မပြောတတ်ကြကြောင်း ထိုင်းသတင်းများက ဆိုထားကြသည်။
ထိုအထောက်အထားမဲ့မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာအရာရှိက “ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်သော နိုင်ငံခြားသားများ” အဖြစ် သတ်မှတ်ကာ တရားစွဲဆိုထားကြောင်းနှင့် ထိုင်းဥပဒများအရ အမှုဖွင့်အရေးယူထားကာ ဖမ်းဆီးထိန်းသိမ်းထားရှိကြောင်း သိရသည်။
ထိုင်း - မြန်မာနယ်စပ်တစ်လျှောက် တရားမဝင် ဝင်ရောက်မှုများရှိနေသည့်အတွက်ကြောင့် စံခလဘူရီမြို့နယ်အတွင်းရှိ နမ့်ကိတ် စစ်ဆေးရေးဂိတ်အပါအဝင် နယ်စပ်တစ်လျှောက်လုံခြုံရေးအထူးတင်းကြပ်ထားသည့်အပြင် တရားမဝင် ဝင်ရောက်မှုများကို တားဆီးနိုင်ရန်အတွက်ကိုလည်း နယ်စပ်ဖြတ်ကျော်ရာလမ်းကြောင်းများကိုလည်း ထိုင်းအာဏာပိုင်းများက နေ့ရောညပါ စောင့်ကြည့်ကင်းလှည့်မှုများကိုဆက်လက်လုပ်ဆောင်နေကြောင်းလည်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ (၅) ရက်နေ့ကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ဆိုင်းယော့မြို့နယ်အတွင်း အထောက်အထားမဲ့ မြန်မာနိုင်ငံသား (၄၃) ဦးမှာလည်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
Photo Credit – Thai News