Eleven Media Group

ရှမ်းပြည်နယ် လွှတ်တော်ရုံးတွင် စံနမူနာပြ အနေဖြင့် မြေအောက်ရေ ဖြည့်တင်းရေး ရေစစ်ကန် ပြုလုပ်ခြင်း ဖွင့်ပွဲ ပြုလုပ်

ရှမ်းပြည်နယ် လွှတ်တော်ရုံးတွင် စံနမူနာပြ အနေဖြင့် မြေအောက်ရေ ဖြည့်တင်းရေး ရေစစ်ကန် ပြုလုပ်ခြင်း ဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၆ ရက် နေ့လည်ပိုင်း ၁၂ နာရီ အချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်ရုံး ၊ ရုံးဝန်း အတွင်း မြေအောက်ရေ ဖြည့်တင်းနိုင်ရန်အတွက် ရေစစ်ကန် (သို့မဟုတ်) ရေစုကန် ပြုလုပ်ခြင်း ဖွင့်ပွဲ ကို ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ ၊ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်း များ တို့ တက်ရောက်ခဲ့ကြသည်။

မြေအောက်ရေ ဖြည့်တင်းရေး လုပ်ငန်းစဉ်အတွက် သဘာဝ ပတ်ဝန်းကျင် အဖွဲ့အစည်းများ ဖြစ်သော တောင်ကြီးမြို့ ရေရရှိရေး ရေအရင်းအမြစ် ထိန်းသိမ်းရေး နှင့် စိမ်းလန်းစိုပြေသာယာရေး ဖောင်ဒေးရှင်း ၊ Living Earth Green Network TGI ၊ မြေအောက်ရေ ဖြည့်တင်းရေး အထောက်အကူပြု အဖွဲ့၊ သစ်ပင်ချစ်သူများ အဖွဲ့၊ ပန်းပျိုးလက် အဖွဲ့ တို့ စုပေါင်း၍ ဆောင်ရွက်နေကြခြင်းဖြစ်ကာ တောင်ကြီးမြို့ပေါ်တွင် ဘုန်းတော်ကြီးကျောင်းများ၊ နေအိမ်များ တို့တွင် စုစုပေါင်း မြေအောက်ရေ တွင်းပေါင်း ၃၀ ကျော် တည်ဆောက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေကို လုပ်ပြတာက သူတို့ သိသွားရင် အဆပေါင်း အများကြီး ပြန့်သွားနိုင်တယ်။ မြို့တိုင်း ကို ပျံ့သွားမယ်။ ဒီရည်ရွယ်ချက် လည်း ပါတယ်။ ကျယ်ပြန့်စေချင်တယ်။ ရှမ်းပြည်နယ် တစ်ပြည်နယ်လုံးမှာလည်း အားလုံး လိုက်လုပ်စေချင်လို့ပါ”ဟု တောင်ကြီးမြို့ ရေရရှိရေး ရေအရင်းအမြစ် ထိန်းသိမ်းရေး နှင့် စိမ်းလန်းစိုပြေသာယာရေး ဖောင်ဒေးရှင်း မှ ဦးစံလင်း က ပြောသည်။

“တောင်ကြီးမြို့မှာ ရေထုတ်ယူသုံးစွဲမှု များလာတယ်။ အဝီစိ တွင်းတွေ များလာတယ်။ လူဦးရေ များလာတာနဲ့ အမျှ ရေထုတ်ယူသုံးစွဲမှုကလည်း များလာတဲ့အတွက် တောင်ကြီးမြို့ဟာ မြေအောက်ရေ ကိုပဲ အားထား အသုံးပြုနေရတာ ဖြစ်တဲ့အတွက် မြေအောက်ရေ ရှားပါးမှု ကြုံလာနိုင်တယ်။ တောင်ကြီးမြို့ရဲ့ မြေအနေအထား အရ တောင်ပေါ် သစ်တောဂနိုင်ကြီးတွေ ရှိတယ်။ တောင်ပေါ်မှာလည်း ရေရှားပါးမှု အမှိုက်ပြဿနာတွေ ဖြစ်လာတယ်။ ဂနိုင်ကြီး တွေကလည်း ရေဝင်နုန်း နည်းပြီး ဂနိုင် ဧရိယာ တွေက ရေ နည်းလာတယ်။ အဝီစိ တူးလိုက်တာ အရင်က ပေ ၁၀၀ ကျော် တွေ့ရပေမယ့် အခု ၃၀၀ ကျော် ၄၀၀ အထိ ရောက်လာတယ်ပေါ့။ တွင်းနက်တော့ လျှပ်စစ်မီတာခ စျေးတက်လာတယ်။ အကြောင်းရင်း လေ့လာတော့ မြေအောက်ရေ လျော့နည်းလို့ပေါ့။ မြေအောက်ရေ ဖြည့်တင်းဖို့ အတွက် မိုးရေတွေက သဘာဝအတိုင်း ရွာချလိုက်တဲ့ မိုးရေတွေက အလဟဿ ဖြစ်ပြီး ချောင်းမြောင်း တွေထဲ စီးဆင်းပြီး တောင်အောက်မှာ ဆင်းသွားတယ်။ အဲ့ဒီ ရေတွေသာ မြေအောက် ထဲ ထည့်ပြီး ရေကြော နဲ့ ပြန်ဆက်ပေးနိုင်ရင် ဂနိုင် တွေက မြေအောက် ရေ ဖြည့်တင်းပေးနိုင်မယ် ဆိုပြီး လွန်ခဲ့သော ၁၀ နှစ်လောက် က လုပ်ထားတာပါ ၊ ဒါကတော့ အဖွဲ့တွေ အားလုံးပူးပေါင်း ပြီးတော့ သရုပ်ပြတွင်း လုပ်ပြီး အစိုးရ အနေနဲ့ ပူးပေါင်း လုပ်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာပါ။တောင်ကြီးမြို့မှာ ထိန်းသိမ်းထားတဲ့ ဂနိုင်တွေ သာ ရေ မရှိတော့ရင် ဂနိုင် တွင်းပေါက် တွေက နေ မြေကျွံမှု တွေ ရေရှားပါးမှု တွေ ဖြစ်လာမယ်။ အရမ်း အန္တရာယ် စိုးရိမ်ရတာပေါ့” ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ရက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ဒေါ်ချယ်ရီကျော်က ပြောသည်။

ရည်ရွယ်ချက်မှာ အသုံးပြုပြီး ရေများကို ရေစုကန် တည်ဆောက်ပြီး သဘာဝ နည်းလမ်းဖြင့် မြေပြင် အောက်သို့ စိမ့်ဝင်ပြီး မြေအောက်ရေကို ပြန်လည် ဖြည့်တင်းစေရန် ရည်ရွယ်ကြောင်း ဆိုသည်။ အကျိုးကျေးဇူး အနေဖြင့် မြေအောက်ရေ ပြန်လည် ဖြည့်တင်းရန်အတွက် သန့်ရှင်းပြီး စစ်ထုတ်ထားသော ရေကို ထောက်ပံ့ပေးခြင်း ၊ ရေ အရည်အသွေးကို တိုးတက်ကောင်းမွန်စေပြီး ရပ်ရွာ ကျန်းမာရေး ကို အထောက်အကူ ပြုပေးစေကြောင်း ၊ မျက်နှာပြင် ရေစီးကြောင်း ကို လျော့ချစေပြီး ရေဝပ်ခြင်းကို ကာကွယ်ပေးကြောင်း ၊ မြေဆီလွှာ စိမ့်ဝင်မှု နှင့် မြေအောက်ရေ ပမာဏ ကို တိုးစေကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ကောင်းမွန်စေပြီး ရေရှည်တည်တံ့စေကြောင်း ဆိုထားသည်။

သစ်တောများ လျော့နည်းလာခြင်း ၊ မြို့ပြ ဧရိယာ ကျယ်ပြန့်လာခြင်း ၊ မြို့နေ လူဦးရေ ထူထပ်လာခြင်း ၊ ရာသီဥတု ဖောက်ပြန်ကာ အပူချိန် မြင့်တက်လာခြင်း ၊ မိုးရာသီကာလ တိုတောင်းလာခြင်း ၊ စွန့်ပစ်အမှိုက် နှင့် ပလပ်စတစ်များ၊ ရေသုံးစွဲမှု မြင့်တက်လာခြင်း၊ ရေဝင်နှုန်း နှင့် ရေထုတ်ယူနှုန်း မမျှတခြင်း တို့အပြင် ဂေဟစနစ် ပျက်ယွင်းလာခြင်း တို့ကြောင့် မြေအောက်ရေ ဖြည့်တင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဆိုထားသည်။

မူရင်းသတင်း — Eleven Media Group