Eleven Media Group

တောင်ငူမြို့တွင် စားသုံးဆီများကို သတ်မှတ်ရည်ညွှန်းစျေးဖြင့် အိမ်ထောင်စုတစ်စုအတွက် တစ်လလျှင် စားသုံးဆီ နှစ်ပိသာထုတ်ယူနိုင်မည်ဖြစ်ပြီး ပြင်ပစျေးကွက်တွင်စျေးမြင့်ပြီး ရောင်းချပါက ထိရောက်စွာ အရေးယူမည်ဟုဆို

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် စားသုံးဆီများကိုသတ်မှတ်ရည်ညွှန်းစျေးဖြင့် အိမ်ထောင်စုတစ်စုအတွက် တစ်လလျှင် စားသုံးဆီ နှစ်ပိသာထုတ်ယူနိုင်မည်ဖြစ်ပြီး စားသုံးဆီများကို ပြင်စျေးကွက်၌ စျေးမြင့်ပြီးရောင်းချပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း တောင်ငူမြို့နယ် ဆီကုန်သည်များအသင်း ဥက္ကဌကပြောကြားသည်။

အိမ်ထောင်စုတစ်ခုလျှင် စားသုံးဆီ နှစ်ပိသာ ထုတ်ယူနိုင်သည့်အခြေအနေနှင့်ပတ်သက်ပြီး“ကျွန်တော်တို့က အိမ်ထောင်စုတစ်ခုကို စာအုပ်တစ်အုပ်နှုန်း ဖြန့်ဝေပေးထားပါတယ် အခုလက်ရှိမှာ နှစ်ပိသာနှုန်းဖြန့်ချီပေးနိုင်တဲ့အတွက်ကြောင့် တစ်ကြိမ်ကို တစ်ပိသာနှုန်းရောင်းပေးနေပါတယ်၊ တကယ်လို့ ပထမအကြိမ်မှာ တစ်ပိသာကို မထုတ်ရသေးရင် ဒုတိယအကြိမ်မှာ နှစ်ပိသာလုံးထုတ်ယူခွင့်ရှိတယ်၊ တစ်လအတွင်းမှာ နှစ်ပိသာလုံးကို မထုတ်ရသေးရင် ဒီရောင်းချနေတဲ့နေရာမှာပဲ အဲ့တစ်လအတွင်းမှာပဲ နှစ်ပိသာလုံးကို လာပြီး ထုတ်ယူခွင့်ရှိပါတယ်”ဟု တောင်ငူမြို့နယ် ဆီကုန်သည်အသင်းဥက္ကဌ ဦးကျော်ဟိန်းကပြောကြားသည်။

တောင်ငူမြို့တွင် ယခုရက်ပိုင်းအတွင်း၌ ပြင်ပစျေးကွက်တွင် စားသုံးဆီဝယ်ယူရန်ခက်ခဲသောအခြေအနေနှင့် တစ်ပိသာလျှင် ကျပ် ၁၈၀၀၀ ဝန်းကျင်အထိ စျေးနှူန်းကြီးမြင့်သည့်အခြေအနေများဖြစ်ပေါ်ခဲ့သဖြင့် သတ်မှတ်ရည်ညွှန်းစျေးဖြင့် စားသုံးဆီထုတ်ပေးသည့်နေရာများတွင် စားသုံးဆီထုတ်ယူရန်တန်းစီသူများပြားလာခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ စားသုံးဆီထုတ်ယူရန်တန်းစီသူများပြားခြင်းမရှိစေရန် စားသုံးသူရေးရာကော်မတီအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများက အဆင်ပြေအောင်ကြိုးစား​လုပ်ဆောင်ပေးလျှက်ရှိပြီး စနစ်တကျရောင်းချနိုင်ရန်နှင့် လူတန်းစီပြီးဆီထုတ်ယူမှုအခက်အခဲမဖြစ်စေရန် လိုအပ်သည်များကို အကြံဉာဏ်ပေးစေလိုကြောင်း တောင်ငူမြို့နယ် ဆီကုန်သည်အသင်း ဥက္ကဌက ပြောကြားသည်။

ထို့အပြင် ပြင်ပစျေးကွက်တွင် စားသုံးဆီများအား သတ်မှတ်​ရည်ညွှန်းစျေးနှုန်းထက် စျေးမြှင့်ရောင်းချနေပါက စီစစ်ဖော်ထုတ်ပြီး ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းအခြေအနေနှင့်ပတ်သက်ပြီး“ကျွန်တော်တို့ဒါကို စနစ်တကျဖြစ်အောင် ရောင်းချနိုင်ဖို့ဆိုတာက ရပ်ကျေးကအုပ်ချုပ်ရေးပိုင်းတွေရော ရပ်မိရပ်ဖတွေရော ကျွန်တော်တို့ရောင်းချနေတဲ့သူတွေရော နောက်ပြီးတော့ သက်ဆိုင်ရာ စားသုံးသူရေးရာကော်မတီအဖွဲ့တွေရော ဝိုင်းပြီးတော့ စနစ်ကျအောင်လို့ အတတ်နိုင်ဆုံးကြိုးစားနေပါတယ် လိုအပ်တာလေးတွေရှိရင်လည်း တင်ပြပြီးတော့အကြံပေးနိုင်ပါတယ်ဗျ..လက်ရှိရောင်းနေတာလည်း တစ်နေရာထဲမှာ လူတွေ တအားကြီးကြိတ်ကြိတ်တိုးမဟုတ်အောင် တစ်နေရာထဲမှာစုမနေအောင်ကြိုးစားနေရတာလည်းဖြစ်ပါတယ်၊ ဆီခွဲဝေပေးတဲ့ပုံစံက အိမ်ထောင်စုအလိုက် ပျံနှံ့နိုင်တဲ့အတိုင်းအတာကို တတ်နိုင်သလောက်ပေးနိုင်အောင် စားသုံးသူရေးရာနဲ့ ကျွန်​တော်တို့စီစဉ်ကြတယ်၊ အိမ်ထောင်စုတွေကို ပြည့်မှီအောင်ပေးနေကြတယ်၊ စားသုံးသူဘက်ကလည်း စားသုံးမှုကိုအထိုက်အလျောက်လျှော့ချပြီးစားသေချင်တယ် ဒါက တစ်အချက်၊ နှစ်အချက်အနေနဲ့ ဒီစျေးမြင့်ပြီးတော့ ရောင်းတဲ့ဟာက ဒါက တရားလည်းမဝင်ပါဘူး ဒီစားသုံးသူကိုစျေးမြှင့်ပြီးတော့ရောင်းလို့ရှိရင် ရောင်းတဲ့သူကို ကျွန်တော်တို့က ရှာဖွေဖော်ထုတ်ပြီးတော့ အရေးယူရမယ့်ဟာကို ဥပဒေအရကိုထိရောက်စွာ အရေးယူရမယ့်အနေအထားရှိပါတယ်”ဟု တောင်ငူမြို့နယ် ဆီကုန်သည်အသင်းဥက္ကဌ ဦးကျော်ဟိန်းကပြောကြားသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၌ ပြည်သူများ စားဝတ်နေရေး သက်သာချောင်ချိစေရန် ရည်ရွယ်၍ ဒေသကြက်နှင့် CP ကြက်သားများကို ကြားခံပွဲစားအဆင့်များ လျှော့ချကာ သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ စည်ပင်သာယာရေးဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မွေးမြူရေးလုပ်ငန်းရှင်များထံမှ တိုက်ရိုက်ဝယ်ယူ ဖြန့်ဖြူးပေးခြင်းများကို ခရိုင်/မြို့နယ်စျေးများတွင် သတ်မှတ်နေရာများအလိုက် ရောင်းချပေးလျှက်ရှိပြီး သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် လတ်တလောတွင် CP ကြက်သားသက်သာ တစ်ပိသာလျှင် အသားစျေး ကျပ် ၂၀၀၀၀ ဝန်းကျင်၊ အရိုးစျေး တစ်ပိသာလျှင် ကျပ် ၁၄၀၀၀ ဝန်းကျင်၊ အကောင်လိုက် တစ်ပိသာ ကျပ် ၁၈၀၀၀ ဝန်းကျင်၊ ကြက်ဥတစ်လုံးစျေး ကျပ် ၅၀၀ ဝန်းကျင် နှင့် စားသုံးဆီ တစ်ပိသာ ကျပ် ၈၁၀၀ နှုန်းတို့ဖြင့် ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။

ဇော်ဝင်းချစ်(တောင်ငူ)

ပုံစာ၊ တောင်ငူမြို့နယ်တွင် သက်ဆိုင်ရာတာဝန်ရှိသူများကြီးကြပ်မှုဖြင့် စားသုံးဆီများထုတ်ပေးနေသည်ကို သြဂုတ် ၁၆ ရက် နံနက်ပိုင်းကတွေ့ရစဉ်။

မူရင်းသတင်း — Eleven Media Group