
YBS ယာဉ်စီးခ တိုးမြှင့်ရန် ကြေညာခြင်းအား ပြန်လည်ပယ်ဖျက်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ယနေ့ (သြဂုတ် ၁၆ ရက်) တွင် ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ကြေညာသည်။
YBS ယာဉ်စီးခ တိုးမြှင့်ရန် ကြေညာခြင်းအား ပယ်ဖျက်ထားပါကြောင်း ကြေညာအပ်ပါသည်ဟု ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး လျန်ကျင့်မန်က YRTC ၏ လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
ယာဉ်အပိုပစ္စည်း၊ ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူမှုတန်ဖိုးကြီးမြင့်လာသည့်အတွက် စက်တင်ဘာ ၁ ရက်မှ စတင်ကာ YBS ယာဉ်စီးခနှုန်းထား လက်ရှိ ၂၀၀ ကျပ် ကောက်ခံမှုအစား ၃၀၀ ကျပ်သို့လည်းကောင်း ၊ လက်ရှိ ၄၀၀ ကျပ် ကောက်ခံမှုအစား ၆၀၀ ကျပ်သို့လည်းကောင်း တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) က ကြေညာခဲ့ပြီးနောက် ယခုကဲ့သို့ YBS ယာဉ်စီးခ တိုးမြှင့်ရန် ကြေညာခြင်းအား ပြန်လည်ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထို့အတူ YPS ကတ်များကိုလည်း အဆိုပါနှုန်းထားနည်းတူ တပြိုင်တည်း ပြောင်းလဲကောက်ခံသွားမည် ဖြစ်သည့်အတွက် သက်ဆိုင်ရာ နည်းပညာကုမ္ပဏီနှင့် သတ်မှတ်ရက်အမီ ပြောင်းလဲနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
YRTC ၏ ကြီးကြပ်မှုအောက်ရှိ YBS အများပိုင်ကုမ္ပဏီ ၂၁ ခုမှ စာရင်းရှိ ယာဉ်စီးရေ ၅၃၉၉ စီး ရှိသည့်ထဲမှ တစ်ရက်ပြေးဆွဲနိုင်သည့် ယာဉ်စီးရေမှာ ၃၃၀၀ စီးခန့်သာရှိပြီး အသေးစားပြုပြင်ယာဉ် ၁၀၂၄ စီး၊ အလတ်စား ပြုပြင်ယာဉ် ၂၀၉ စီး၊ အကြီးစားပြုပြင်ယာဉ် ၅၁၀ စီးနှင့် အခြားပြေးဆွဲနိုင်ခြင်းမရှိယာဉ် ၃၅၆ စီးခန့်ရှိနေသည့် အတွက် လက်ရှိပြုပြင်ဆဲယာဉ်များ၏ ယာဉ်အပိုပစ္စည်းဈေးနှုန်းကြီးမြင့်သော်လည်း ဝယ်ယူပြုပြင် ဆောင်ရွက်ရာ တွင် အထိုက်အလျောက်အဆင်ပြေစေရေးအတွက် ယာဉ်စီးခနှုန်းထားများကို ထိုက်သင့်သရွေ့တိုးမြှင့်ပေးရန် YUPT နှင့် YBPC Co., Ltd တို့က YRTC ထံတင်ပြခဲ့ကြောင်း သိရသည်။
"YBS ယာဉ်စီးရေတိုးမြှင့်ထွက်ရှိပြေးဆွဲပေးနိုင်ရေးအတွက် ကုမ္ပဏီအတွင်းရှိပြုပြင်ဆဲယာဉ်တွေ အမြန်ဆုံး ပြုပြင်ဆောင်ရွက်မှသာလျှင် ခရီးသွားပြည်သူတွေအတွက် ပိုမိုအဆင်ပြေနိုင်မှာဖြစ်ပြီး ယာဉ်တွေပြုပြင် ရာမှာလည်း ယာဉ်အပိုပစ္စည်းဆက်စပ်ပစ္စည်းတွေကို ဝယ်ယူမှုဈေးနှုန်းမြင့်မားခြင်းနဲ့ ဝင်ငွေ/ထွက်ငွေ မမျှတခြင်းတို့ကို ကုစားနိုင်ဖို့အတွက် သင့်တင့်မျှတတဲ့ ယာဉ်စီးခနှုန်းထားကို ပြန်လည်သတ်မှတ်နိုင်မှသာ YBS ယာဉ်လိုင်းကုမ္ပဏီတွေအတွက် အထိုက်အလျှောက် အဆင်ပြေစေမှာဖြစ်တဲ့အပြင် ခရီးသည်တွေအတွက် လည်း ယာဉ်စီးနင်းရာမှာ အခက်အခဲမရှိ ပြေလည်စေနိုင်မှာ ဖြစ်ကြောင်းကို တွေ့ရှိရတဲ့အတွက် Win-Win ဖြစ်စေဖို့- ဝန်ထုပ်ဝန်ပိုးမဖြစ်စေ တဲ့နှုန်းထားဖြစ်တဲ့ လက်ရှိ ငွေကျပ် (၂၀၀) ကောက်ခံမှုအစား ငွေကျပ် ၃၀၀ သို့လည်းကောင်း ၊ လက်ရှိ ငွေကျပ် ၄၀၀ ကောက်ခံမှုအစား ငွေကျပ် ၆၀၀ သို့လည်းကောင်း တိုးမြှင့်ကောက်ခံ သွားမှာ ဖြစ်ပါတယ်။ YPS ကတ်များကိုပါ အဆိုပါနှုန်းထားနည်းတူ တပြိုင်တည်း ပြောင်းလဲကောက်ခံ သွားမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ နည်းပညာကုမ္ပဏီနဲ့ သတ်မှတ်ရက်အမီ ပြောင်းလဲနိုင်ရေးဆောင်ရွက် လျက်ရှိပါကြောင်းနဲ့ ယာဉ်စီးခတိုးမြှင့် ကောက်ခံမှုကို - ၁-၉-၂၀၂၆ ရက်နေ့မှ စတင် ပြောင်းလဲသွားမည် ဖြစ်ကြောင်း အများပြည်သူသိရှိစေရန် အသိပေးအပ်ပါတယ်ခင်ဗျာ” ဟု YRTC ၏ အသိပေးကြေညာချက်တွင် ဖော်ပြပါရှိသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ကြီးကြပ်မှုအောက်ရှိ YBS ယာဉ်လိုင်းများမှ ခရီးသည်တင်မော်တော်ယာဉ် ၃၃၀၀ စီးခန့်မှ ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းကို နေ့စဉ်သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး YBS စီးနင်းသည့် ခရီးသည်များပိုမိုများပြားလာသည့် အတွက်ကြောင့် မှတ်တိုင်များတွင် ခရီးသည်စုပုံခြင်း၊ YBS ယာဉ်များပေါ် ပြည့်ကျပ်စွာ စီးနင်းနေရပြီး စီးနင်းခရီးသည်နဲ့ပြေးဆွဲယာဉ်စီးရေ လောက်ငှမှုမရှိကြောင်းကို တွေ့ရှိရသည့်အတွက် YRTC အနေဖြင့် YBS ခရီးသည်တင်ယာဉ်စီးရေတိုးမြှင့်ထွက်ရှိရေးကို အလေးထားကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း ၊ အသေးစား၊ အလတ်စား ပြုပြင်ဆောင်ရွက်နေတဲ့ YBS ယာဉ်တွေကို အမြန်ဆုံးပြုပြင်ကာ ယာဉ်စီးရေ ပိုမိုထွက်ရှိပြေးဆွဲပေးနိုင်ရေးအတွက် YBS အများပိုင်ကုမ္ပဏီများကို စိစစ် ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း YRTC က ထုတ်ပြန်ထားသည်။