Eleven Media Group

တိုက်ကြီးမြို့နယ် အဖျောက်မြို့တွင် အဖျောက်ကမ်းရင်းတာ ပဲ့ကျပြီး ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် စာသင်ကျောင်းငါးကျောင်း ယာယီပိတ်ထား

တိုက်ကြီးမြို့နယ် အဖျောက်မြို့တွင် အဖျောက်ကမ်းရင်းတာ ပဲ့ကျပြီး ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် သြဂုတ် ၁၆ ရက်မှစ၍ စာသင်ကျောင်းငါးကျောင်း ယာယီပိတ်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ ကြွေပန်းကန်ချောင်း ကျေးရွာအနီးရှိ အဖျောက်ကမ်းရင်းတာ မိုင်တိုင်(၄၄/၂)တွင် ယခင်ပဲ့ကျခဲ့သည့် ကမ်းရင်းတာ နေရာအနောက်တွင် သဲအိတ်များစီ၍ ပိတ်ထားခဲ့သည့်နေရာတွင် သဲအိတ်နှင့် ကမ်းရင်းတာထောင့်မှ ထပ်မံပဲ့ကျခဲ့သဖြင့် ကမ်းရင်းတာနှင့် ပန်းတာကြားသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်ပွားရာနေရာသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖိုးကျော်၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ အဖျောက်မြို့ မြို့အုပ်ချုပ်ရေးမှူး၊ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သွားရောက်ကြည့်ရှုစစ်ဆေးရာ မြစ်ရေဝင်ရောက်မှုကြောင့် အန္တရာယ်ရှိနိုင်သည့်နေရာများတွင် ရေကင်းစခန်းများ ထပ်မံချထားခဲ့ကာ ရေဝင်ရောက်လျက်ရှိသည့် ကျေးရွာအုပ်စုများသို့ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါမြစ်ရေ ဝင်ရောက်မှုကြောင့် ပန်းတာအား ထိခိုက်မှုမရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၌ ဧရာဝတီမြစ်ရေ မြင့်တက်ဝင်ရောက်မှုကြောင့် သြဂုတ် ၁၆ ရက်မှစ၍ စာသင်ကျောင်းငါးကျောင်း ပိတ်ထားရကြောင်း သိရသည်။

အဖျောက်မြို့တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေရာ အ-မ-က(သဲရိုး)၊ အ-လ-က(ခွဲ)အလယ်ကင်း၊ အ-မ-က(ရေပြန်)၊ အ-မ-က(ရေလဲကြီး)၊ အ-မ-က(မအူကုန်း) ကျောင်း(၅) ကျောင်းအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ကျောင်းသား၊ ကျောင်းသူ များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကျောင်းများယာယီပိတ်ထားခဲ့ရပြီး ဧရာဝတီမြစ်ရေ ကျဆင်းချိန်မှသာ ကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ရာ ကျောင်းပိတ်ရက်များအတွင်း သင်ခန်းစာများ နောက်မကျစေရေး အစားထိုး သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group