Eleven Media Group

မအူပင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ တိုးမြစ်ရေဝင်‌ရောက်မှုကြောင့် စာသင်ကျောင်းတစ်ကျောင်း ယာယီပိတ်ထား

ဧရာဝတီတိုင်း မအူပင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ တိုးမြစ်ရေဝင်‌ရောက်မှုကြောင့် စာသင်ကျောင်းတစ်ကျောင်း သြဂုတ် ၁၅ ရက်မှစ၍ ယာယီပိတ်ထားကြောင်း သိရသည်။

ပိတ်ထားသည့် စာသင်ကျောင်းမှာ ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် အောက်ထုံးကျေးရွာအုပ်စု၊ စစ်ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း (သာယာကုန်း)ကျောင်း ဖြစ်သည်။

တိုးမြစ်ရေဝင်ရောက်မှုကြောင့်‌ ယင်းကျောင်းကို ဩဂုတ် ၁၅ ရက်မှ ၁၈ ရက်ထိ ယာယီပိတ်ထားမည်ဖြစ်ပြီး ၎င်းပိတ်ထားရသည့် ကျောင်းပိတ်ရက်များအား အပတ်စဉ် တနင်္ဂနွေနေ့များတွင် ပြန်လည်အစားထိုးသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

တိုးမြစ်ရေဝင်ရောက်မှုကြောင့် ‌ကျောင်းအဆောက်အဦးများနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် စာသင်ကျောင်းများ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျေးရွာအစီအစဉ်ဖြင့် ရေမြုပ်နေသည့်ကျောင်းအဝင်လမ်းများအား သဲအိတ်များဖြင့်လမ်းခင်းခြင်း၊ ယာယီဝါးတံတားတည်ဆောက်ခြင်းများ စီစဉ်ထားရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group