Eleven Media Group

လေးမျက်နှာတာကျိုးပေါက်ပြီးနောက် ရေကြည်နှင့် ကျုံပျော်မြို့နယ်ထိ ရေဝင်ဧရိယာပိုမိုကျယ်ပြန့်လာပြီး ရေဘေးရှောင်စခန်းများ ထပ်တိုးဖွင့်လှစ်နေရ

လေးမျက်နှာတာကျိုးပေါက်ပြီးနောက် ရေကြည်နှင့် ကျုံပျော်မြို့နယ်ထိ ရေဝင်ဧရိယာပိုမိုကျယ်ပြန့်လာပြီး ရေဘေးရှောင်စခန်းများ ထပ်တိုးဖွင့်လှစ်နေရကြောင်း သိရသည်။

တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်တွင်းသာမက ဆက်စပ်လျက်ရှိသည့် ရေကြည်၊ ကျုံပျော်မြို့နယ် တို့၌ပါ ရေဘေးဒုက္ခ ဆက်လက်ကြုံတွေ့နေရခြင်း ဖြစ်သည်။

“တာကျိုးတဲ့ဒီနှစ်မှ ကျွန်မတို့ ရွာထဲရေရောက်တာ။ ပုံမှန်ဆို ရေဝင်တဲ့နေရာမဟုတ်ဘူး။ ခုဆို ရွာထဲ စက်လှေတောင်သွားလို့ရနေပြီ။ ရေကထပ်တက်လာတော့ ကြိုပြီးပြောင်းနေရပါပြီ။ ကလေးတွေကို ဘေးလွတ်ရာအရင်ပို့ထားပြီး လူကြီးတွေလည်း အထုပ်အပိုးတွေ ပြန်သယ်နေရပါတယ်”ဟု ရေကြည်မြို့နယ်၊ နတ်စင်ကူးအုပ်စု၊ အုန်းပင်စုရွာမှ ရေဘေးရှောင်တစ်ဦးက ဖြေကြားသည်။

ထပ်တိုးရေဝင်ရောက်မှု အခြေအနေကြောင့် မူလကယ်ဆယ်ရေးစခန်းမှ ထပ်မံရွှေ့ပြောင်းရမှုအချို့လည်း ရှိနေကြောင်း သိရသည်။

“ငှက်သိုက်ဘုန်းကြီးကျောင်းနဲ့ ငှက်သိုက်အုပ်ချုပ်ရေးမှူးရုံးမှာ ရေဘေးရှောင်စခန်းအသစ် မနေ့ကစပြီး ထပ်ဖွင့်လိုက်ရပြီ။ ငါးသိုင်းချောင်း ရွှေဘိုတိုးချဲ့ဘက်နဲ့ ရှမ်းတန်းဘက်ကနေ ပြောင်းလာကြသူများတယ်။ ငါးသိုင်းချောင်းဘက်မှာ သူတို့ပထမပြောင်းနေတဲ့နေရာက ရေထပ်ဝင်လာလို့ ဒီဘက်ကို ထပ်ပြောင်းလာ ကြရတာ။ ရေက အိမ်အလုံးလိုက် မပေါ်တဲ့နေရာတွေပါ ရှိနေပြီလို့သိရပါတယ်။ အခုဆိုရင် လူက စခန်းမှာ ထပ်တိုးလာတာပဲရှိတယ်။ သက်ကြီးရွယ်အိုတွေ ၊ ကလေးငယ်တွေလည်း များတယ်”ဟု ရေကြည်မြို့နယ်၊ ငှက်သိုက်ရွာ ရေဘေးကယ်ဆယ်ရေးစခန်း၌ ကူညီပေးနေသည့် စေတနာလူမှုကူညီရေးအဖွဲ့မှ ကိုကျော်စိုးက ဖြေကြားသည်။

ကျုံပျော်မြို့နယ်၌လည်း ရေဝင်ရောက်မှုပိုမိုကျယ်ပြန့်လာပြီဖြစ်ကြောင်း သိရသည်။

“လေးမျက်နှာ တာကျိုးတဲ့ဘက်က ရေဝင်လာတာ ကျုံပျော်ဘက်လည်း ရောက်လာပြီ။ ပင်လုံကမ်းနားလမ်း၊ မြဝတီသောင်တန်းလမ်း အဲဘက်တွေထိ ရောက်လာပြီဆိုတော့ မြို့ဧရိယာထဲထိ ရောက်လာပြီလို့ ပြောလို့ရ တယ်။ မြို့ပေါ်မှာလည်း ကယ်ဆယ်ရေးစခန်းတချို့ရှိတယ်။ ရွာဘက်တွေမှာလည်း ဓမ္မာရုံတို့၊ ဘုန်းကြီးကျောင်း တို့မှာ စုနေကြတယ်။ စနစ်တကျဖြစ်အောင် ခရိုင်နဲ့မြို့နယ် ဌာနဆိုင်ရာတွေရော၊ ကျွန်တော်တို့ဒေသခံ အဖွဲ့အစည်းတွေရော အတတ်နိုင်ဆုံး ပေါင်းစပ်တိုင်ပင်ဆောင်ရွက်နေကြပါတယ်။ အလှူရရှိမှုကတော့ အတော်အားနည်းနေတယ်။ ဒေသခံတွေလောက်ပဲ ပံ့ပိုးတာရှိတယ်။ ဆက်စပ်မြို့နယ်တွေဘက်ကတော့ ဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်း ပထမဆုံးလာကူပါတယ်။ ရေဘေးသင့်ပြည်သူတွေအတွက် ပိုမိုအားဖြည့်ကူညီမှုတွေ လိုအပ်နေပါတယ်”ဟု နာရေးကူညီမှုအသင်း(ကျုံပျော်)မှ ကိုကျော်စိုးမိုးက ဖြေကြားသည်။

နိုင်ငံအဝှမ်းမှ လာရောက်ပံ့ပိုးလှူဒါန်းမှုများမှာ ရေဘေးစတင်ကြုံတွေ့သည့် လေးမျက်နှာမြို့နယ်၌ ထောက်ပံ့မှုများသော်လည်း ရေဆက်လက်ဝင်ရောက်သည့်မြို့နယ်တို့၌ အကူအညီရရှိမှုနည်းနေကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group