
ဟော်မုဇ်ရေလက်ကြားနှင့်ပတ်သက်၍ အိုမန်က အီရန်နှင့်အတူ အမေရိကန်၏ သဘောတူညီချက်ကို အခက်အခဲဖြစ်အောင်လုပ်မည်ဆိုပါက ဗုံးကြဲတိုက်ခိုက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဩဂုတ် ၁၇ ရက်တွင် ခြိမ်းခြောက်လိုက်ပြီး အီရန်သည်လည်း လက်နက်ချသင့်သည်ဟု ပြောကြားခဲ့သည်။
"အိုမန်က အခက်အခဲဖြစ်အောင် လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့က သူတို့ကိုဗုံးကြဲမှာပါ" ဟု ထရန့်က Fox News ဂျာနယ်လစ် Trey Yingst ကို ပြောကြားခဲ့သည်။
ဝါရှင်တန်က မိမိဘာသာဆွေးနွေးမှုများ လုပ်ဆောင်နေချိန်တွင် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်ရေးအတွက် အိုမန်နှင့် အီရန်တို့၏ ဆွေးနွေးမှုများကို အမေရိကန်သမ္မတက ရည်ညွှန်းပြောကြားခြင်းဖြစ်သည်။
အီရန်နှင့် အိုမန်တာဝန်ရှိသူများသည် ဟော်မုဇ်ရေလက်ကြားကို သင်္ဘောများ ဖြတ်သန်းခုတ်မောင်းခြင်းနှင့်သက်ဆိုင်သည့် အနာဂတ် အစီအစဉ်များအား ဆွေးနွေးနေသည်မှာ သတင်းပတ်ချီကြာမြင့်နေပြီဖြစ်သည်။
နှစ်ဖက်စလုံးက ပူးတွဲကြေညာချက်ထုတ်ပြန်ရေအတွက် ဆောင်ရွက်နေကြသည်ဟု သြဂုတ် ၁၇ ရက် စောစောပိုင်းတွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည့်။
အရှေ့အလယ်ပိုင်စစ်ပွဲစတင်သည့် ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက အီရန်က ထိရောက်စွာပိတ်ဆို့ထားခဲ့သော ဟော်မုဇ်ရေလက်ကြား၌ သင်္ဘောသွားလာမှုများ ပိတ်ဆို့နေဆဲဖြစ်သော်လည်း အဆိုပါရေလက်ကြားသည် အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု ထရန့်က ထပ်တလဲလဲ ပြောကြားနေသည်။
သမ္မတထရန့်က ဩဂုတ် ၁၄ ရက်တွင် နယူးယောက်ပြည်နယ်၌ ပြုလုပ်ခဲ့သည့် စည်းရုံးရေးပွဲတွင် အမေရိကန်က အီရန်ကို အနိုင်ရပြီးနောက် "မကြာမီမှာပဲ ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပြည်ထောင်စုရဲ့ နယ်မြေတစ်ခုအဖြစ် ကြေညာသွားမှာပါ" ဟု ထည့်သွင်းပြောကြားခဲ့သည်။
မဟာဗျူဟာမြောက် စွမ်းအင်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို အမေရိကန်ပိုင်နယ်မြေအဖြစ် မကြာမီ ကြေညာသွားမည်ဟူသော အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏ ပြောဆိုမှုကိုအီရန်က ဩဂုတ် ၁၅ ရက်တွင် တုံ့ပြန်လိုက်ပြီးမိမိတို့ ပိတ်ဆို့ထားသည့် ဟော်မုဇ်ရေလက်ကြားသည် "အီရန်ပိုင်အဖြစ် ဆက်လက်ရှိနေမည်" ဟု ဆိုခဲ့သည်။
ဖေဖော်ဝါရီလနှောင်းပိုင်း အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ချိန်မှစ၍ တီဟီရန်က ပိတ်ဆို့ထားသည့် အဆိုပါရေလက်ကြားသည် အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ထရန့်က ထပ်လောင်းပြောကြားထားသော်လည်း အီရန်ဘက်က ယင်းပြောဆိုချက်ကို ငြင်းဆန်ထားသည်။
"ဟော်မုဇ်ရေလက်ကြားဟာ အီရန်ပိုင်ဖြစ်ခဲ့ပါတယ်။ဟော်မုဇ်ရေလက်ကြားကို အီရန်ကပိုင်ပါတယ်။၊ အီရန်ပိုင်အဖြစ်ပဲဆက် လက် ရှိနေမှာပါ" ဟု အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ် ဂါရီဘက်ဘာဒီက X ရေးသားဖော်ပြခဲ့သည်။
အီရန်ကမ်းရိုးတန်းက ဟော်မုဇ်ရေလက်ကြား၏မြောက်ဘက်ခြမ်းကိုရံထားပြီး အိုမန်က ရေလက်ကြား၏တောင်ဘက်ခြမ်းတွင် တည်ရှိသည်။
သမ္မတနှင့်အင်တာဗျူးကို Yingst က X တွင်ဖော်ပြထားသည်မှာ"အီရန်ဟာ လက်နက်ချတဲ့အလံဖြူထောင်သင့်ပါတယ်လို့ ထရန့်က ပြောကြားခဲ့ပါတယ်"ဟု ဖော်ပြထားသည်။
Photo- AFP