
ပါကစ္စတန်စစ်တပ်သည် အောက်တိုဘာ ၁ ရက်က အာဖဂန်နစ္စတန်နိုင်ငံ ဟဲလ်မန်းပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် အရပ်သားအများအပြား သေဆုံးခဲ့ကြောင်း တာလီဘန် အစိုးရက ပြောကြားခဲ့သည်။
ပါကစ္စတန်အစိုးရကမူ လေကြောင်း တိုက်ခိုက်ခဲ့သည့် တည်နေရာများကို အသေးစိတ် ဖော်ပြခြင်း မရှိဘဲ အာဖဂန်နစ္စတန်အတွင်းရှိ စစ်သွေးကြွများကို ပစ်မှတ်ထားပြီး ကြိုတင်အစီအစဉ်ဆွဲကာ ချိန်ဆလုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုများ ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
အာဖဂန်နှင့် ပါကစ္စတန် နယ်စပ်ဒေသတွင် နောက်ဆုံးဖြစ်ပွားခဲ့သော တိုက်ခိုက်မှုတစ်ခုအဖြစ် အာဖဂန်အရှေ့ပိုင်း ကူနားပြည်နယ်တွင်လည်း လေကြောင်း တိုက်ခိုက်မှု ထိမှန်ခဲ့ကြောင်း အာဖဂန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
"အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် အာဖဂန် အရပ်သား ၉ ဦး သေဆုံးခဲ့ပါတယ်" ဟု တာလီဘန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ် က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ထို့ပြင်အခြားသူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ရကြောင်း မူဂျာဟစ်က ပြောကြားခဲ့သည်။
Ref: AFP