Eleven Media Group

ဘော့စ်ဝါနာတွင် လွတ်လပ်ရေးအထိမ်းအမှတ်ပွဲများအတွက် ဆင်သားဝေပေးရန် ဆင် ၂၃ ကောင်ကို သတ်ခွင့်ပြု

ကမ္ဘာပေါ်တွင် ဆင်ကောင်ရေအများဆုံးရှိရာ နိုင်ငံဖြစ်သည့် ဘော့စ်ဝါနာတွင် လွတ်လပ်ရေးအထိမ်းအမှတ် အခမ်းအနားများအတွက် ဆင် ၂၃ ကောင်ကို သတ်ဖြတ်ပြီး ဆင်သားဝေပေးရန် ခွင့်ပြုခဲ့သဖြင့် တိရစ္ဆာန်အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်နေကြသည်။

ဗြိတိန်လက်အောက်မှ လွတ်လပ်ရေးရရှိခဲ့သည့် နှစ် ၆၀ ပြည့် စိန်ရတုအထိမ်းအမှတ်အဖြစ် ဘော့စ်ဝါနာနိုင်ငံတစ်ဝန်းတွင် စက်တင်ဘာ ၃၀ ရက်က အခမ်းအနားများ ကျင်းပခဲ့ပြီး ဘော့စ်ဝါနာ သဘာဝပတ်ဝန်းကျင်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ခွင့်ပြုမိန့်အရ အဆိုပါအခမ်းအနားများအတွက် ဆင် ၂၃ ကောင်အပါအဝင် တောရိုင်းတိရစ္ဆာန်များကို အမဲလိုက်သတ်ဖြတ်ခွင့် ပြုခဲ့သည်။

ဘော့စ်ဝါနာအခြေစိုက် Elephant Protection Society က အထိမ်းအမှတ်ပွဲများတွင် စားသုံးရန် ဆင်များကို အစိုးရက သတ်ဖြတ်ခွင့်ပေးခြင်းသည် လက်ခံနိုင်သည့်လုပ်ရပ်အဖြစ် မြင်လာစေနိုင်ပြီး တရားမဝင် ဆင်သတ်ဖြတ်မှုများကို အားပေးရာရောက်နိုင်ကြောင်း သတိပေးနေသည်။

ထို့ပြင် ဘော့စ်ဝါနာတွင် နွား၊ ဝက်နှင့် ခြေလေးချောင်းတိရစ္ဆာန်များ၌ ခြေခွာနာနှင့် ပါးစပ်နာရောဂါ ဖြစ်ပွားနေချိန် အမဲလိုက်ရရှိသည့် တောရိုင်းတိရစ္ဆာန်အသားများကို စားသုံးခြင်းအပေါ် စိုးရိမ်မှုများ ရှိနေသည်။

သတ်ဖြတ်ခွင့်ပြုထားသည့် ဆင် ၂၃ ကောင်ကို နိုင်ငံတစ်ဝန်းရှိ ခရိုင်ရှစ်ခုသို့ ခွဲဝေပေးထားသည်။ တောရိုင်းတိရစ္ဆာန် ပေါများသည့် ဒေသအချို့တွင် ဆင်သားစားလေ့ရှိပြီး တရားဝင်အမဲလိုက်မှုမှ ရရှိသည့် အသားများကို ဒေသခံများသို့ ဝေပေးလေ့ရှိသည်။ သို့သော် ဆင်သားသည် နေ့စဉ်စားသုံးသည့် အစားအစာတစ်မျိုးတော့ မဟုတ်ပေ။

Ref: BBC

မူရင်းသတင်း — Eleven Media Group