Eleven Media Group

ထမ်လွမ်ဂူကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် ကနေဒါနိုင်ငံသား ရေငုပ်သမား အသက် ၄၄ နှစ်တွင် ကွယ်လွန်

ရေကြီးနေသည့် ထိုင်းနိုင်ငံ ထမ်လွမ်ဂူအတွင်း ပိတ်မိခဲ့သည့် လူငယ်ဘောလုံးသမား ၁၂ ဦးနှင့် နည်းပြတို့ကို ကယ်ဆယ်ရာတွင် ပါဝင်ကူညီခဲ့သည့် ကနေဒါနိုင်ငံသား ရေငုပ်သမား အဲရစ်ဘရောင်း ကွယ်လွန်သွားပြီ ဖြစ်သည်။

အသက် ၄၄ နှစ်အရွယ် ဘရောင်း၏ မိသားစုက ၎င်းကွယ်လွန်ကြောင်းကို စက်တင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ကွယ်လွန်သည့် ရက်အတိအကျနှင့် သေဆုံးသည့် အကြောင်းရင်းကို ထုတ်ပြန်ခြင်း မရှိပေ။

ဘရောင်းသည် ၂၀၁၈ ခုနှစ်က တစ်ကမ္ဘာလုံး စောင့်ကြည့်ခဲ့ရသည့် ထိုင်းလိုဏ်ဂူ ကယ်ဆယ်ရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ၎င်းသည် လိုဏ်ဂူအတွင်း အောက်ဆီဂျင်အိုးများနှင့် လိုအပ်သည့် ကယ်ဆယ်ရေးပစ္စည်းများကို သယ်ပေးခြင်း၊ လမ်းညွှန်ကြိုးများ တပ်ဆင်ထိန်းသိမ်းခြင်းတို့အပြင် ရေမြုပ်နေ သည့် လိုဏ်ဂူလမ်းကြောင်းများအတွင်း ကယ်ဆယ်ရေးရေငုပ်သမားများ အပြန်အလှန် ပစ္စည်းပို့ဆောင်နိုင်ရေး တွင်လည်း ကူညီခဲ့သည်။ ဘရောင်းသည် ကယ်ဆယ်ရေးကာလ ကိုးရက်တာအတွင်း သီးခြားတာဝန် ခုနစ်ကြိမ်ဖြင့် မြေအောက်လိုဏ်ဂူအတွင်း စုစုပေါင်း ၆၃ နာရီကြာ ပါဝင်ခဲ့သည်။ ၎င်း၏ ရဲစွမ်းသတ္တိကြောင့် ကနေဒါနိုင်ငံ၏ ရဲစွမ်းသတ္တိဆုလည်း ချီးမြှင့်ခံခဲ့ရသည်။

၂၀၁၈ ခုနှစ် ၊ ဇွန်လအတွင်း အသက် ၁၁ နှစ်မှ ၁၆ နှစ်အရွယ်ရှိ တောဝက်လူငယ် ဘောလုံးအသင်းနှင့် နည်းပြတို့သည် ချင်းရိုင်ပြည်နယ်ရှိ ထမ်လွမ်ဂူအတွင်း ဝင်ရောက်ခဲ့ပြီးနောက် မုတ်သုံမိုးကြီးမှုကြောင့် လိုဏ်ဂူထဲပိတ်မိကာ အပြင်ဘက်ကမ္ဘာနှင့် အဆက်အသွယ်ပြတ်သွားခဲ့သည်။

၎င်းတို့ကို ကိုးရက်အကြာတွင် အသက်ရှင်လျက် ရှာဖွေတွေ့ခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းက နောက်ထပ်ကိုးရက် ကြာမြင့်ခဲ့သည်။ အလွန်ရှုပ်ထွေး အန္တရာယ်များသည့် ကယ်ဆယ်ရေးအပြီး နောက်ဆုံးတွင် အားလုံးကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သည်။

Source: The Independent, Photo: Daily Mail / The Independent

မူရင်းသတင်း — Eleven Media Group