Eleven Media Group

တင်နက်ဆီပြည်နယ်၌ သေဒဏ်ကျခံရသော အမျိုးသမီးကို နှစ်ကြိမ်ဆေးထိုး ကွပ်မျက်သော်လည်း မသေသဖြင့် ဆေးရုံတင်လိုက်ရ

လူသတ်မှုဖြင့် သေဒဏ်ကျခံရသော တင်နက်ဆီ အမျိုးသမီးသည် သေဒဏ်ပေးသည့်ဆေး နှစ်ကြိမ်ထိုးသွင်းခံရသော်လည်း အသက်မသေသဖြင့် အောက်တိုဘာ ၁ ရက်တွင် သူ့ကို ဆေးရုံတင်လိုက်ရသည်ဟု သူ၏ ရှေ့နေများက ပြောကြားသည်။

သူသည် လပေါင်းများစွာအတွင်း တင်နက်ဆီပြည်နယ်၏ဒုတိယမြောက် မအောင်မြင်သည့် ကွပ်မျက်ခံရသူ ဖြစ်လာခဲ့သည်။ ထို့ကြောင့် ယခုနှစ်တွင် သေဒဏ်ပေးခြင်းကို ချက်ချင်းရပ်ဆိုင်းခဲ့ရသည့် အခြေအနေဖြစ် လာခဲ့သည်။

စက်တင်ဘာ ၃၀ ရက်တွင် နိုင်ငံတော်တရားရုံးက အသက် ၅၀ အရွယ် ခရစ္စတာပိုက်ကို စီစဉ်ထားသည့်အတိုင်း ကွပ်မျက်ရန် ခွင့်ပြုပေးခဲ့သောကြောင့် သူသည် အမေရိကန်တောင်ပိုင်းပြည်နယ် တင်နက်ဆီ၌ နှစ် ၂၀၀ တွင် ပထမဆုံးကွပ်မျက်ခံရသည့် အမျိုးသမီးဖြစ်လာမည်ဖြစ်သော်လည်း သူ့အားကွပ်မျက်မှုသည် မအောင်မြင်ခဲ့ပေ။

“ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့မြင်ခဲ့ရတဲ့ အဆိုးရွားဆုံးဖြစ်ရပ်ဖြစ်ပါတယ်။ ခေတ်သစ်မှာ မအောင်မြင်ခဲ့တဲ့ အခြားကွပ်မျက်မှုတွေနဲ့ကို မတူပါဘူး။ ဒါမျိုးဖြစ်တာ အစဉ်အလာမရှိပါဘူး” ဟု သေဒဏ်သတင်း အချက်အလက်ဌာန၏ အမှုဆောင်ဒါရိုက်တာ ရော်ဘင်မာဟာက နယူးယောက်တိုင်း(မ်)သတင်းစာကို ပြောကြားခဲ့သည်။

တင်နက်ဆီ ပြစ်ဒဏ်ဌာနက ပြောကြားရာတွင် ဌာနသည် ပြည်နယ်၏တရားဝင် ပြဌာန်းထားသော ကွပ်မျက်ရေးလုပ်ထုံးလုပ် နည်းအဆင့်အတိုင်း ဆောင်ရွက်ခဲ့သည်ဟုဆိုခဲ့ပြီး ပိုက်ကို နောက်ပိုင်းတွင် ပြင်ပဆေးရုံသို့ တင်လိုက်သည်ဟု ဆိုသည်။

ခရစ္စတာပိုက်အား အနီးရှိ ဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု သူ၏ရှေ့နေများက ပြောကြားခဲ့ပြီး သူ၏အခြေအနေနှင့်ပတ်သက်၍ အကြောင်းကြားလာခြင်းမရှိဟု ရှေ့နေများက ပြောသည်။

“ဒီညမှာ တင်နက်ဆီပြည်နယ်ဟာ တရားဝင်ကွပ်မျက်တာကို လုပ်ဆောင်ရာမှာ မအောင်မြင်ပြန်ပါဘူး” ဟု ပိုက်၏ရှေ့နေများ က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပိုက်အား Riverbend Maximum Security ထောင်၌ နံနက် ၁၀ နာရီတွင် ဆေးထိုးကွပ်မျက်ရန် စီစဉ်ခဲ့သည်။ သူ့အားကွပ် မျက်မည့် ထောင်သို့ သတင်းထောက်များ အပါအဝင် အခြားသူများလည်း လာရောက်ခဲ့ကြသည်။

ဆေးထိုးခဲ့ပြီးနောက် ကွပ်မျက်သည့် အခန်းထဲက လိုက်ကာများကို ချထားလိုက်သော်လည်း မကြာမီ ထိုအခန်းထဲမှ ကျယ်လောင်စွာ ဟောက်နေသည့် အသံများကို ကြားရသည်ဟု ဆိုသည်။ ထို့ကြောင့် သူသည် အသက်ရှင်နေဆဲဖြစ်သည်ဟု သတင်းထောက်များက ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group