
ကိုလံဘီယာတွင် လူ ၂၈၀ ကျော် သေဆုံးခဲ့သည့် အင်အားပြင်း ငလျင်လှုပ်ခတ်အပြီး ပြန်လည်ထူထောင်ရေးအတွက် ကိုလံဘီယာထုတ်ကုန်များအပေါ် အခွန်စည်းကြပ်မှုများကို ယာယီရပ်ဆိုင်းပေးရန် ကိုလံဘီယာသမ္မတ ဒီလာအက်စ်ပရီယယ်လာက ဒေါ်နယ်ထရန့်ထံ တောင်းဆိုထားသည်။
ထရန့်၏ ထောက်ခံအားပေးမှုရရှိထားသူ ကိုလံဘီယာသမ္မတသစ် စတင်တာဝန်ယူပြီး ရက်ပိုင်းအကြာ ဩဂုတ် ၁၀ ရက်တွင် ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့သည်။
ဒီလာ အက်စ်ပရီယယ်လာက X လူမှုကွန်ရက်တွင် ထရန့်နှင့် ဖုန်းပြောခဲ့ကြောင်း၊ ငလျင်ဘေး အကူအညီများအတွက် ကျေးဇူးတင်ကြောင်း၊ ငလျင်ဘေးကြောင့် အခက်ကြုံနေသည့် ကိုလံဘီယာစီးပွားရေးလုပ်ငန်းရှင်များအား အထောက်အပံ့ဖြစ်စေရန် မြင့်မားသည့် အခွန်စည်းကြပ်မှုများကို ယာယီရပ်ဆိုင်းပေးရန် ထရန့်ကို တောင်းဆိုခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထရန့်အစိုးက ကိုလံဘီယာငလျင်ဘေးအတွက် အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၅ သန်း ကူညီထားသည်။
ငလျင်မလှုပ်မီကတည်းက ကိုလံဘီယာအတွက် ဒေါ်လာတစ်ဘီလီယံတန်ဖိုးရှိ လုံခြုံရေးအကူအညီ ပံ့ပိုးပေးရန် ရည်ရွယ်ထားသည်ဟုလည်း အမေရိကန်က ကြေညာထားပြီးဖြစ်သည်။
အမေရိကန်နှင့် ကိုလံဘီယာ နိုင်ငံသားနှစ်ခုခံယူထားသူ ဒီလာအက်စ်ပရီယယ်လာသည် ကိုလံဘီယာမြေပေါ်တွင် အမေရိကန်တပ်ဖွဲ့များ တပ်စွဲခွင့်ပေးရန် ကမ်းလှမ်းထားပြီး ထရန့်၏ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မဟာမိတ်အဖွဲ့ Shield of the Americas တွင် ပါဝင်ရန်ဆုံးဖြတ်ထားသည်။
Photo-AP