Eleven Media Group

ထရန့်က ကုန်ကျစရိတ်များသည့် တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို သိသိသာသာ လျှော့ခိုင်းထား

တောင်ကိုရီးယားနှင့် ပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို သိသိသာသာ လျှော့ချရန် ပင်တဂွန်စစ်ဌာနချုပ်ကို ညွှန်ကြားထားကြောင်း ဒေါ်နယ်ထရန့်က သြဂုတ် ၁၆ ရက်တွင် လူမှုကွန်ရက်၌ ရေးသားခဲ့သည်။

နှစ်စဉ်ပြုလုပ်နေသည့် Ulchi Freedom Shield ပူးတွဲစစ်ရေးလေ့ကျင့်မှု မစတင်မီ နာရီပိုင်းအလိုတွင် ထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် ရေးသားခဲ့ခြင်းဖြစ်ပြီး လေ့ကျင့်မှုကို လုံးဝဖျက်သိမ်းပစ်ရန်မှာ နောက်ကျနေပြီဖြစ်ကာ အမေရိကန်က အဆိုပါလေ့ကျင့်မှုကို ပူးတွဲပြုလုပ်ရန် သဘောတူထားခဲ့ခြင်းကိုလည်း မကျေနပ်ဟု ရေးထားသည်။ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၇ ရက်မှ ၂၇ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး တောင်ကိုရီးယားတပ်ဖွဲ့ဝင် ၁၈,၀၀၀ ခန့် ပါဝင်မည်ဖြစ်သည်။

ထရန့်က ၎င်း၏ပို့စ်ထဲတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့်ဆက်ဆံရေးက အလွန်ကောင်းသည်ဟုလည်း ဆိုထားကာ ထိုစစ်ရေးလေ့ကျင့်မှုက ကုန်ကျစရိတ်များသည့်အပြင် သမ္မတအဖြစ် ၎င်းတာဝန်ယူနေစဉ်တစ်လျှောက် အမေရိကန်ကို ခြိမ်းခြောက်မှုမရှိ၊ လေးစားမှုရှိသည့် နိုင်ငံတစ်နိုင်ငံအပေါ် ရန်လိုသည့်အချက်ပြမှု ဖြစ်စေသည်ဟု ရေးသားထားသည်။

ထို့ပြင်ထ​ရန့်က “ ဆိုင်တော့ မဆိုင်ပေမယ့် အီရန်နျူကလီးယားလက်နက် ကင်းစင်ရေးအတွက် ပူးပေါင်းပါဝင်မလားလို့ တောင်ကိုရီးယားသမ္မတကို ကျွန်တော်မေးတော့ သူတို့က မပါတော့ပါဘူး၊ ကျေးဇူးတင်ပါတယ်ဆိုပြီး ပြန်ပြောတယ်’’ ဟု အီရန်အရေးတွင် တောင်ကိုရီးယားက ငြင်းဆန်ခဲ့သည့်အပေါ် ထောက်ပြခဲ့သည်။

မူရင်းသတင်း — Eleven Media Group