Eleven Media Group

တောင်ကိုရီးယားနှင့် အမေရိကန် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းလုံခြုံရေးအတွက် အလွန်အရေးကြီးကြောင်း ဂျပန်ပြောကြား

တောင်ကိုရီးယားနှင့် အမေရိကန် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းလုံခြုံရေးအတွက် အလွန်အရေးကြီးကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက ဩဂုတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လျှော့ချမည်ဟုတ် ပြောကြားခဲ့သဖြင့် ပစိဖိတ်ဒေသတွင်း သံသယများ ပေါ်ပေါက်လာခဲ့ပြီးနောက် ဂျပန်ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကိုအီဇူမီသည် ဩစတြေးလျနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ဂျပန်၏ ကာကွယ်ရေးကို ကျောထောက်နောက်ခံပြုထားသည့် အမေရိကန်၊ ဂျပန်၏ အိမ်နီးချင်း တောင်ကိုရီးယားတို့နှင့် ပူးတွဲလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို အခိုင်အမာ ထောက်ခံပြောဆိုခဲ့သည်။

"ဂျပန်နိုင်ငံဟာ စစ်ပြီးခေတ် ကာလအတွင်း အပြင်းထန်ဆုံးနဲ့ အရှုပ်ထွေးဆုံး လုံခြုံရေး ပတ်ဝန်းကျင်နဲ့ ရင်ဆိုင်နေရချိန်မှာ ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယား သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အလွန်အရေးကြီးပါတယ်" ဟု ကိုအီဇူမီက သတင်းထောက်များအား ပြောကြားခဲ့သည်။

တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကိုလျှော့ချမည်ဟု ပြောကြားခဲ့သည့် ထရန့်၏ မှတ်ချက်စကားနှင့်ပတ်သက်ပြီး ဩစတြေးလျ ကာကွယ်ရေးဝန်ဘကီး ရစ်ချက် မားလက်စ်က မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများကို ဩစတြေးလျနိုင်ငံက အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

Ref:AFP

မူရင်းသတင်း — Eleven Media Group