
■သေနတ်ဖြင့်ပစ်သည့် ကျောင်းသားကလည်း မိမိကိုယ်ကိုယ် အဆုံးစီရင်
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ အထက်တန်းကျောင်းတစ်ခုတွင် ဩဂုတ် ၁၈ ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် ၁၀ တန်းကျောင်းသားတစ်ဦး သေဆုံးကာ သေနတ်သမားသည်လည်း မိမိကိုယ်ကိုယ် ပြန်လည်ပစ်ခတ်ပြီး အဆုံးစီရင်သွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
နှစ်လအတွင်း ဒုတိယမြောက် ဖြစ်ပွားခဲ့သည့် အဆိုပါကျောင်းတွင်း ပစ်ခတ်မှုသည် မင်ဒါနာအိုအနောက်ပိုင်းရှိ ကက်သလစ် ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုဖြစ်သော Ateneo de Zamboanga တက္ကသိုလ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
၉ တန်းကျောင်းသားတစ်ဦးသည် ကျောင်းဝင်းအတွင်းသို့ ပစ္စတိုတစ်လက်နှင့် ရိုင်ဖယ်တစ်လက်ကို ယူဆောင်လာခဲ့ပြီး စာသင်ခန်းအတွင်း သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ရာ ကျောင်းသားတစ်ဦး သေဆုံးခဲ့ပြီးနောက် သေနတ်ဖြင့်ပစ်ခတ်သည့် ကျောင်းသားက မိမိကိုယ်ကို ပြန်လည်ပစ်ခတ်ပြီး အဆုံးစီရင်သွားခဲ့ကြောင်း ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
"စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဖြစ်စဉ်ရဲ့ နောက်ကွယ်က အကြောင်းရင်းကို သိရှိနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်" ဟု ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဆယ်လာချန်းက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။
Ref: AFP