
၁၀ နှစ်သားကလေးကို ကမ်းခြေတွင်ကယ်တင်ခဲ့သည့် ဆယ်ကျော်သက်သူရဲကောင်းကို ထရန့်က အိမ်ဖြူတော်တွင်ခေါ်တွေ့
လှိုင်းကြမ်းများကိုမမှုဘဲ ၁၀ နှစ်သားကလေးတစ်ဦးကို ကယ်တင်ခဲ့သည့် အသက် ၁၆ နှစ်အရွယ် ကမ်းခြေအသက်ကယ်သမား ရိုင်ဒါ ဝီလီယမ်စ်ကို သမ္မတ ဒေါ်နယ်ထရန့်က ဩဂုတ် ၁၇ ရက်တွင် အိမ်ဖြူတော်ဘဲဥပုံရုံးခန်း၌ ခေါ်ယူတွေ့ဆုံခဲ့သည်။ ဝီလီယမ်စ်ကယ်တင်ခဲ့သည့် ကလေး နသန်နီယယ်ရိုင် လည်း ထိုတွေ့ဆုံမှုတွင် ပါဝင်ခဲ့သည်။
ဇူလိုင် ၂၅ ရက်က ဆန်တာခရုဇ်မြို့ရှိ Seabright State ကမ်းခြေတွင် ဝီလီယမ်စ်က ရေစီးထဲ ကလေးမျောပါသွားသည်ကို တွေ့မြင်ခဲ့သည်။ အမြင့် ၁၀ ပေအထိရှိသည့် လှိုင်းလုံးကြီးများ ရိုက်ခတ်နေချိန်ဖြစ်ပြီး ဝီလီယမ်စ်က အသက်ကယ်ပစ္စည်းများကို အမြန်ယူဆောင်ကာ ကလေးကို သွားရောက်ကယ်ဆယ်ခဲ့သည်။
“မင်းရဲ့လုပ်ရပ်က မယုံနိုင်လောက်အောင် အံ့ဩစရာပဲ။ အားလုံးလည်းမြင်တွေ့ကြတယ်” ဟု ထရန့်က ဝီလီယမ်စ်ကို ချီးကျူးခဲ့ပြီး အမေရိကန်လူငယ်များအတွက် စံပြပုဂ္ဂိုလ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ဝီလီယမ်စ်က မီးသတ်သမားတစ်ဦး ဖြစ်လိုကြောင်း ပြောခဲ့သဖြင့် ထရန့်က “ငါတို့ ထောက်ခံချက်ပေးပါမယ်” ဟု ပြုံးလျက်ပြန်ပြောခဲ့သည်။
ကလေးကို သွားကယ်နေစဉ် ကမ်းခြေရှိ လူအချို့က လာရောက်ကူညီရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် ဝီလီယမ်စ်က ၎င်းတို့ကို အလာမခံဘဲ အော်ဟစ်တားမြစ်ခဲ့သည်။မကြာမီ အခြားအသက်ကယ်သမားတစ်ဦး ရောက်ရှိလာပြီး နှစ်ဦးစလုံးကို ကူညီခဲ့သည်။ ဝီလီယမ်စ်က အသက်ကယ်ဆယ်ရသည်မှာ ၎င်း၏တာဝန်ပါဟု ဆိုသည်။
ကယ်ဆယ်မှုဖြစ်ပွားပြီး မကြာမီ အင်တာနက်ပေါ်တွင် မှတ်တမ်းဗီဒီယို ပျံ့နှံ့သွားခဲ့ပြီး ဒေါ်နယ်ထရန့်၏ သားဖြစ်သူ အဲရစ်ထရန့်၏ အာရုံစိုက်မှုကို ရရှိခဲ့ကာ ထရန့်ကိုယ်တိုင်လည်း ထိုဖြစ်ရပ်ကို သိရှိသွားသည်။
Ref: New York Post, Photo: The White House / New York Post