
ဗြိတိန်ဝန်ကြီးချုပ် အန်ဒီဘန်ဟမ်သည် ဒေါ်နယ်ထရန့်၏ အိမ်ဖြူတော်အကြီးအကဲ ဆူဇီဝိုင်လ်စ်အဖြစ် ဟန်ဆောင်ဆက်သွယ်လာသူတစ်ဦးနှင့် စာပို့မိခဲ့ကြောင်း သိရသည်။
ဗြိတိန်ဝန်ကြီးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက ယခုဖြစ်ရပ်အပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး နိုင်ငံလုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို မူအရ ထုတ်ပြောရန်မဖြစ်ဟုဆိုသည်။
Politico သတင်းဌာန၏ ဖော်ပြချက်အရ ဗြိတိန်ဝန်ကြီးချုပ်က ၎င်းဆက်သွယ်ပြောဆိုနေသူသည် ဆူဇီဝိုင်လ်စ် ဟု အစကထင်ခဲ့သော်လည်း နောက်ပိုင်း သံသယဝင်လာသည့်အတွက် ဆက်သွယ်မှုကို ဖြတ်တောက်လိုက် သည်ဟု အမည်မဖော်လိုသည့် အစိုးရအရာရှိလေးဦး၏ အဆိုကို ကိုးကားဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ်ကလည်း အမေရိကန်အစိုးရက ရွေးကောက်ခံအရာရှိများ ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အခြားအထင်ကရဖြစ်သူများထံ အိမ်ဖြူတော်အကြီးအကဲ ဆူဇီဝိုင်လ်စ်အဖြစ် ဟန်ဆောင်ထားသူတစ်ဦးက စာပို့ဆက်သွယ်သည့်ဖြစ်ရပ်များကို စုံစမ်းခဲ့ရသေးသည်။ယင်းသို့ဖြစ်ပွားပြီး မကြာမီ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် အခြားအရာရှိများအဖြစ် ဟန်ဆောင်ပြီး ဆက်သွယ်ကြိုးပမ်းမှုများ ရှိနေကြောင်း အမေရိကန်သံတမန်များအား သတိပေးခဲ့သည်။
ရူဘီယိုအဖြစ် အယောင်ဆောင်သူတစ်ဦးက နိုင်ငံခြားရေးဝန်ကြီးသုံးဦး၊ အမေရိကန် အထက်လွှတ်တော် အမတ်တစ်ဦးနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ဦးတို့ထံ ဆက်သွယ်ရန်ကြိုးပမ်းခဲ့သည်ကို တွေ့ရှိပြီးနောက် သတိပေးခြင်းဖြစ်သည်။
အန္တရာယ်ပေးမည့်သူများက AI နည်းပညာကို အသုံးပြုပြီး အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိကြီးများအဖြစ် ဟန်ဆောင်နေကြောင်း FBI က အရင်ကလည်း သတိပေးဖူးသည်။
Ref: The Hill ,Photo: PA Media