Eleven Media Group

■ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှတ်တိုင်များနှင့် မီးပွိုင့်များတွင် တောင်းရမ်းစားသောက်သူများနှင့် လက်ပွေ့ဈေးရောင်းချသူများအား ဖယ်ရှားရှင်းလင်းပေးရန်အစီအစဉ်ရှိ မရှိ လွှတ်တော်တွင် မေးမြန်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှတ်တိုင်များနှင့် မီးပွိုင့်များတွင် တောင်းရမ်းစားသောက်သူများနှင့် လက်ပွေ့ဈေးရောင်းချသူများအား ဖယ်ရှားရှင်းလင်းပေးရန်အစီအစဉ်ရှိ မရှိကို သြဂုတ် ၁၇ ရက်က ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးစိုးမြင့်က မေးမြန်းခဲ့သည်။

ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ခရီးသွားလာရေးတို့အတွက် ဗဟိုချက်မ မြို့ကြီးတစ်မြို့ဖြစ်ပြီး နေ့စဉ်နှင့်အမျှ ပြည်တွင်း ပြည်ပ ခရီးသွားများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်းများ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာနေကြသည့် နိုင်ငံတော်၏ ပြတင်ပေါက်ကြီးတစ်ခုဖြစ်ကြောင်း ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးစိုးမြင့်က မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။

ထို့ကြောင့် ရန်ကုန်မြို့တော် သန့်ရှင်းသပ်ရပ်မှု၊ ယာဉ်ကြောစနစ်ကျမှုနှင့် စည်းကမ်းရှိမှုတို့သည် နိုင်ငံတော်ကြီး၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကို တိုက်ရိုက်ရောင်ပြန်ဟပ်မည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်က ပြောကြားသည်။

“သို့သော်လည်းပဲ လက်ရှိ လမ်းဆုံ၊ မီးပွိုင့်တွေနဲ့ မှတ်တိုင်တွေမှာ အုပ်စုဖွဲ့ပြီးတော့ လက်ပွေ့ဈေးသည်များ၊ တောင်းရမ်းစားသောက်နေတဲ့ ကလေးငယ်များရှိသည့်အတွက် မြို့တော်ရဲ့ ပုံရိပ်ကို အစွန်းထင်း ဖြစ်စေပါတယ်ခင်ဗျာ”ဟု ဦးစိုးမြင့်က ပြောကြားသည်။

မြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်မည်ဆိုပါက လက်ရှိ ရန်ကုန်မြို့တော်၏ အချက်အချာကျသော လမ်းဆုံ၊ မီးပွိုင့်များနှင့် ကားမှတ်တိုင်အများစုတွင် တောင်းရမ်းစားသောက်သူများနှင့် လက်ပွေ့ဈေးသည်များ အုပ်စုဖွဲ့ တောင်းရမ်းခြင်း၊ ဈေးရောင်းချခြင်းများကို စည်းကမ်းမဲ့စွာ ပြုလုပ်နေသည်ကို တွေ့ရလိမ့်မည်ဟု ၎င်းက ပြောကြားသည်။

တောင်းရမ်းစားသောက်သူများတွင် လမ်းဘေးကလေးငယ်များ အများစုဖြစ်နေသည်ဟုလည်း ၎င်းက မေးခွန်းမေးမြန်းစဉ် ထည့်သွင်းပြောကြားသည်။

ယခုကဲ့သို့သော အခြေအနေများကြောင့် ဆိုးကျိုးများအနေဖြင့် ကလေးသူငယ်များသည် ပိုက်ဆံတောင်းရမ်းသည့်အခါ ပိုက်ဆံမရရှိပါက ယာဉ်မောင်းသူများကို နှောင့်ယှက်ခြင်း၊ စိတ်ငြိုငြင်အောင် ပြုလုပ်ခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုဖြစ်ပွားနိုင်ခြေ မြင့်မားလာနိုင်ကြောင်း ၎င်းက ပြောကြားသည်။

တောင်းရမ်းသူများတွင် ကလေးသူငယ်များ ပါဝင်နေခြင်းကြောင့် ပညာမတတ်သူ ပေါများလာပြီး အသိဉာဏ် စာရိတ္တပျက်စီးကာ နိုင်ငံတော်၏ အနာဂတ်အတွက် အန္တရာယ်များကို ဖြစ်ပေါ်စေနိုင်ကြောင်းနှင့် ရန်ကုန်မြို့တော်၏ ပုံရိပ်၊ ပြည်ပခရီးသွားများ ရှေ့မှောက်တွင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းထိခိုက်စေနိုင်ကြောင်းလည်း ၎င်းက ပြောကြားသည်။

ထို့ကြောင့် မီးပွိုင့်များနှင့် မှတ်တိုင်များတွင် အုပ်စုဖွဲ့၍ တောင်းရမ်းစားသောက်သူများနှင့် လက်ပွေ့ဈေးသည်မျးအား မည်သည့်နေ့၊ မည်သည့်ရက်တွင် ဖယ်ရှားပေးမည်ကို သိရှိလိုပါကြောင်း ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂) ဦးစိုးမြင့်က မေးမြန်းခဲ့သည်။

အဆိုပါ မေးခွန်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ၂၀၂၂ ခုနှစ်မှစတင်၍ လက်ရှိအချိန်ထိ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျဖြစ်စေရေးအတွက် မီးပွိုင့်များနှင့် လမ်းဆုံလမ်းခွများရှိ လေလွင့်ကလေးငယ်များ၊ တောင်းရမ်းသူများနှင့် စည်းကမ်းမဲ့ ဈေးရောင်းချသူများအား ရှင်းလင်းဆောင်ရွက်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

လက်ရှိအချိန်တွင်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကွပ်ကဲမှုအောက်တွင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များနှင့် ဆက်လက်၍ ပူးပေါင်းရှင်းလင်း ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ဖြေကြားခဲ့သည်။

မူရင်းသတင်း — Eleven Media Group