
ဩဂုတ် - ၂၂ ( စနေနေ့ )
ဂျာမနီနိုင်ငံမှာ စစ်သင်တန်းလာတက်နေတဲ့ ယူကရိန်းစစ်သား ဒါဇင်နဲ့ချီပြီး သူတို့ရဲ့ တပ်ဖွဲ့တွေကနေ ထွက်ပြေးသွားခဲ့ကြတယ်လို့ ဂျာမန်သတင်းစာ ဒိုင်းဇစ် က ထွက်ပြေးခဲ့တဲ့ စစ်သား ၁၀ ယောက်ကို အင်တာဗျူးလုပ်ပြီး ရရှိတဲ့ အချက်အလက်တွေကို ကိုးကားကာ ဖော်ပြထားပါတယ်။
ယူကရိန်းနိုင်ငံဟာ စစ်မြေပြင်မှာ ဆုံးရှုံးသွားတဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကို ပြန်လည်ဖြည့်တင်းဖို့ အခက်အခဲတွေ ကြုံနေရတာကြောင့် အတင်းအကျပ် စစ်မှုထမ်းခေါ်ယူတဲ့ စနစ်ကို ပိုပြီး အားကိုးလာရပါတယ်။ အင်တာနက် ပေါ်မှာလည်း စစ်သားစုဆောင်းရေးအရာရှိတွေက အများပြည်သူသွားလာနေတဲ့ နေရာတွေမှာ အမျိုးသားတွေကို ဖမ်းဆီးပြီး ကားတွေပေါ် အတင်းအကျပ် တင်ဆောင်သွားတဲ့ ဗီဒီယိုတွေ မကြာခဏ ပျံ့နှံ့လာပါတယ်။ တချို့ဖြစ်ရပ်တွေမှာတော့ အဲဒီလိုဖမ်းဆီးခေါ်ဆောင်ရာမှာ အကြမ်းဖက်ထိပ်တိုက်တွေ့ဆုံမှုတွေတောင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို စစ်မှုထမ်းခေါ်ယူတဲ့ လုပ်ရပ်ကို ယူကရိန်းနိုင်ငံမှာ အခုအခါ “ဘက်ဆီဖီကေးရှင်း” လို့ လူသိများလာပါတယ်။ လူတွေကို ဖမ်းပြီး ဘတ်စ်ကား ဒါမှမဟုတ် ကားတွေပေါ် အတင်းအကျပ် တင်ဆောင်ကာ စစ်မှုထမ်းခိုင်းတာကို ရည်ညွှန်းတာပါ။ ဒိုင်းဇစ် ရဲ့ ဗုဒ္ဓဟူးနေ့ သတင်းအရ စစ်ပွဲစတင်ခဲ့တဲ့ အစောပိုင်းနှစ်တွေမှာ ဂျာမနီနိုင်ငံကို စစ်သင်တန်းတက်ဖို့ ပို့ခံရတဲ့ ယူကရိန်းစစ်သားတွေဟာ ယေဘုယျအားဖြင့် အတွေ့အကြုံရှိပြီး စစ်တိုက်ဖို့ စိတ်အားထက်သန်တဲ့ စစ်သားတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ မကြာသေးခင်ကာလတွေမှာတော့ ဂျာမနီကို ရောက်လာတဲ့ စစ်သားအများအပြားဟာ အသစ်စက်စက် စစ်မှုထမ်းခေါ်ယူခံထားရတဲ့ လူသစ်တွေ ဖြစ်လာတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဂျာမနီနိုင်ငံ ဆက်ဆွန်အန်ဟော့ ပြည်နယ်တစ်ခုတည်းမှာတင် ယူကရိန်းစစ်သားတွေ တပ်ကနေ ထွက်ပြေးသွား တဲ့ ဖြစ်ရပ်ပေါင်း ၈၀ လောက်ကို ဒေသဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနက မှတ်တမ်းတင်ထားတယ်လို့ ဒိုင်းဇစ် က ဆိုပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်တော့ တပ်ပြေးတဲ့ ယူကရိန်းစစ်သားအရေအတွက်ဟာ ရာနဲ့ချီရှိနိုင်တယ်လို့လည်း အဲဒီအပတ်စဉ်သတင်းစာက ဆိုပါတယ်။
အင်တာဗျူးလုပ်ခဲ့တဲ့သူတွေထဲမှာ ယူကရိန်းနိုင်ငံ ဒနီပါ မြို့က အသက် ၃၉ နှစ်အရွယ် အရင်က စန္ဒယားတီးသူ ဖြစ်ခဲ့တဲ့ ဗလာဒီမာ ရူဂလင်လည်း ပါဝင်ပါတယ်။ သူ့ရဲ့ အပြောအရတော့ ယူကရိန်းအစိုးရက စစ်မှုထမ်းခေါ်ယူရေး လှုပ်ရှားမှုကို ပိုမိုတင်းကျပ်လာပြီးနောက် သူဟာ အိမ်ထဲမှာပဲ အများအားဖြင့် နေခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလအတွင်းမှာတော့ သူ့ရဲ့ဇနီးက မိသားစုစားဝတ်နေရေးကို ထောက်ပံ့ပေးခဲ့တာကြောင့် သူအနေနဲ့ အပြင်ထွက်ပြီး အလုပ်လုပ်ဖို့ ဒါမှမဟုတ် သွားလာဖို့ မလိုအပ်ခဲ့ဘူးလို့ ပြောထားပါတယ်။ ဇန်နဝါရီလကုန်ပိုင်းမှာ သူအပြင်ထွက်ခဲ့တဲ့အချိန် စစ်မှုထမ်းခေါ်ယူရေးအရာရှိတွေက သူ့ကို ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းမှာ ဂျာမနီနိုင်ငံရှိ အော်တန်ဂရာဘိုး စစ်သင်တန်းစခန်းကို ပို့လိုက်ပါတယ်။ အစပိုင်းမှာတော့ တပ်ကနေ ထွက်ပြေးဖို့ လုံးဝ မရည်ရွယ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ယူကရိန်းအထက်အရာရှိတွေက သူ့ကို ကိုယ်ထိလက်ရောက် နှိပ်စက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုပြီး၊ ယူကရိန်းကို ပြန်ပို့ခံရရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခံရတာကြောင့် သူ့အတွေးပြောင်းသွားတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ဂျာမန်စစ်တပ်က ဆရာဝန်တစ်ဦးက သူ့ကို ဘာလင်မြို့က ဆေးရုံတစ်ခုကို လွှဲပို့ပေးခဲ့ပါတယ်။ အဲဒီနောက်သူဟာ စစ်သင်တန်းစခန်းကို ပြန်မသွားတော့ဘဲ ဂျာမနီမှာ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခဲ့ပါတယ်။ လက်ရှိမှာတော့ ဒုက္ခသည်များအတွက် ဖွင့်လှစ်ထားတဲ့ ခိုလှုံရေးစခန်းတစ်ခုမှာ နေထိုင်နေတယ်လို့ ဆိုပါတယ်။
ဒိုင်းဇစ် က အင်တာဗျူးလုပ်ခဲ့တဲ့ နောက်ထပ် တပ်ပြေးစစ်သားတစ်ဦးကတော့ သူဟာ လူသတ်ချင်လို့လည်း မဟုတ်၊ ကိုယ်တိုင် အသတ်ခံရမှာလည်း မလိုချင်တာကြောင့် ထွက်ပြေးခဲ့တာလို့ ပြောပါတယ်။ သူက“ကျနော် ရိုးရိုးရှင်းရှင်းပြောရရင် သေမသွားချင်ဘူး။ တခြားလူကိုလည်း မသတ်ချင်ဘူး။ စစ်မြေပြင်မှာဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် မသတ်ချင်ဘူး။ ဒါလောက်ဆို လုံလောက်ပြီ မဟုတ်ဘူးလား”လို့ ပြောခဲ့ပါတယ်။
REF: RT
#News #Myanmar