

လှိုင်းဘွဲ၊ ဩဂုတ် ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဝင်မှုတို့ကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်း ရေများဝင်ရောက်ခဲ့သဖြင့် စစ်ဗျူဟာအဖွဲ့အခြေချ (လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင် ဦးဆောင်၍ စစ်ဗျူဟာအဖွဲ့နှင့် တပ်ရင်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်လူမှုကူညီရေးအသင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ရေဝင်နှစ်မြုပ်သော အိမ်များရှိပြည်သူများအား ယာယီရေဘေးရှောင်စခန်းများသို့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။
လှိုင်းဘွဲချောင်းရေ၏ စိုးရိမ်ရေအမှတ် (၉၈၀) စင်တီမီတာအထက် (၁၀၀၀) စင်တီမီတာသို့ ရောက်ရှိခဲ့သဖြင့် အိမ်ထောင်စု ၁၃၁ စု၊ လူဦးရေစုစုပေါင်း ၅၅၃ ဦးအား ယာယီရေဘေးရှောင်စခန်း (၃) ခု၌ ပြောင်းရွှေ့ထားရှိပြီး ပြည်နယ်အစိုးရအဖွဲ့နှင့် စစ်ဗျူဟာအဖွဲ့အခြေချ (လှိုင်းဘွဲ)တို့က ဆန်၊ ဆီ၊ ကြက်ဥရိက္ခာများကိုထောက်ပံ့ပေးပြီး စစ်ဗျူဟာအဖွဲ့အခြေချ(လှိုင်းဘွဲ)မှ ရေဘေးရှောင်ပြည်သူများအား မနက်စာ၊ ညနေစာ ထမင်းဘူးများကို ကူညီထောက်ပံ့ပေးဝေလျက်ရှိကြောင်း သိရှိရသည်။
#Myanmar #News