Myanmar National Post

အေးခဲအာလူးချောင်းများထုတ်လုပ်ရန်အတွက် ဟဲဟိုးဒေသခံ အာလူးစိုက်တောင်သူများအား အစုအဖွဲ့ပုံစံဖြင့် ဖိတ်ခေါ်ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ







နေပြည်တော်၊ ဩဂုတ် ၂၂

အေးခဲအာလူးချောင်းများထုတ်လုပ်ရန်အတွက် ဟဲဟိုးဒေသခံ အာလူးစိုက်တောင်သူများအား အစုအဖွဲ့ပုံစံဖြင့် ဖိတ်ခေါ်ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် Nilar Frozen Foods ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက အေးခဲ အာလူးချောင်းများ ထုတ်လုပ်နိုင်ရေး ဟဲဟိုးဒေသခံ အာလူးစိုက်တောင်သူများအား မိတ်ဖက်အစုဝင်များ(သမဝါယမအသင်းပုံစံ)အနေဖြင့် ဖိတ်ခေါ်ပူးပေါင်းဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။

ဆက်လက်၍ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ပြည့်စိုးက သမဝါယမ ဦးစီးဌာနအနေဖြင့် သမဝါယမစနစ်ဖြင့် စုပေါင်းဆောင်ရွက်သည့် စနစ်ကျစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်းများ၊ တောင်သူများနှင့် ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ဌာနမှ ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် သမဝါယမစနစ်အခြေခံကာ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးပွားရေး၊ တစ်နိုင်တစ်ပိုင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်စေရေးနှင့် အစုအဖွဲ့စနစ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း များ လုပ်ကိုင်နိုင်ရေးအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်းဖြင့် အရင်းအနှီးမတည်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဌာနမှ ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသူများမှ အေးခဲအာလူးချောင်းများ ထုတ်လုပ် နိုင်ရေး အာလူးစိုက်တောင်သူများအား အစုအဖွဲ့ပုံစံဖြင့် ဖိတ်ခေါ်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post