Eleven Media Group

မြန်မာ-ဘယ်လာရုစ် ပညာရေးဝန်ကြီးများ တွေ့ဆုံပြီး နှစ်နိုင်ငံတက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် အသင့်ဖြစ်နေကြောင်း ဝန်ကြီးများ ပြောကြား

မြန်မာ-ဘယ်လာရုစ် ပညာရေးဝန်ကြီးများ တွေ့ဆုံပြီး နှစ်နိုင်ငံတက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန် အသင့်ဖြစ်နေကြောင်း နှစ်နိုင်ငံပညာရေးဝန်ကြီးများက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ဘယ်လာရုစ်သမ္မတနိုင်ငံ တရားဝင်ခရီးစဉ်တွင် လိုက်ပါလာသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ပညာရေးဝန်ကြီး H.E. Mr. Ivanets Andrey Ivanovich တို့သည် သြဂုတ် ၂၁ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မင့်စ်မြို့ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေစဉ် ထိုသို့ပြောကြားခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ ပညာရေးဝန်ကြီးက ယခုကဲ့သို့ အဆွေတော်တို့ လာရောက်ခြင်းသည် မိမိတို့အဖွဲ့အစည်းနှစ်ခုအကြား အဆင့်တစ်ခုကို တက်လှမ်းခြင်းဖြစ်ပြီး ပိုမိုကောင်းမွန်သည့် ဆွေးနွေးမှုများ ဆက်လက်ရရှိနိုင်မည်ဟု မျှော်လင့်မိကြောင်း၊ မိမိတို့အဖွဲ့အစည်းနှစ်ခုအကြားတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လျက်ရှိကြောင်း၊ ပညာရေးဆိုင်ရာနှင့်ပတ်သက်ပြီး အပြန်အလှန်နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ကျင်းပသည့် ဘယ်လာရုစ်-မြန်မာ စီးပွားရေးဖိုရမ်တွင်လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က မိမိတို့အဖွဲ့အား လက်ခံတွေ့ဆုံမှုအတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် တက္ကသိုလ်များသည် ပညာရေးဝန်ကြီးဌာနလက်အောက်တွင် ရှိသကဲ့သို့ သီးခြားဝန်ကြီးဌာနများ လက်အောက်တွင်လည်းရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနလက်အောက်တွင် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ၊ စီးပွားရေးတက္ကသိုလ်များ၊ ဘာသာစကား တက္ကသိုလ်များရှိကြောင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနလက်အောက်တွင် နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်တွင် ဆေးတက္ကသိုလ်များရှိကြောင်း၊ မိမိတို့ ကိုယ်စားလှယ်များသည် ဝန်ကြီးဌာန သုံးခုကို ကိုယ်စားပြုကြောင်း၊ ရန်ကုန်တက္ကသိုလ်နှင့် ဘယ်လာရုစ် State တက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန်နှင့် ပညာရေးဝန်ကြီးဌာနအချင်းချင်းလည်း လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်သည်ဟု သိရှိရသည့်အတွက် မိမိတို့ဘက်ကလည်း အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားသည်။

အလားတူ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်က မိမိတို့အား ဖိတ်ခေါ်ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် ကဏ္ဍများအား ကြားသိခွင့်ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ ဘယ်လာရုစ်နိုင်ငံသည် သိပ္ပံပညာရပ်များတွင်သာမက အာကာသနည်းပညာနှင့် ဂြိုဟ်တုအသုံးချသည့် လုပ်ငန်းများတွင် တိုးတက်မှုများစွာ ရရှိနေသည်ကို သိရှိရကြောင်း၊ မြန်မာအာကာသအေဂျင်စီအနေဖြင့် Belarusian State University နှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း၊ ဘယ်လာရုစ်နိုင်ငံသမ္မတကြီး မြန်မာနိုင်ငံကို ခရီးစဉ်လာရောက်ချိန်က မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံအကြား သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထိုအချိန်က ဘယ်လာရုစ်နိုင်ငံ သမ္မတကြီးသည် မိမိတို့ နှစ်နိုင်ငံအကြားတွင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရာတွင် ကန့်သတ်မှု၊ တားမြစ်ထားမှုတစ်စုံတစ်ရာလုံးဝမရှိဘဲ ပူးပေါင်းဆောင်ရွက်ရာတွင် ပွင့်ပွင့်လင်းလင်း လုပ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ဖူးကြောင်း၊ မြန်မာနိုင်ငံ၏ အာကာသအေဂျင်စီနှင့် Belarusian State University တို့ ယခုခရီးစဉ်အတွင်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလဲလှယ်ရန်ရှိပါကြောင်း၊ အဆွေတော်ဝန်ကြီးအနေနှင့် ဘယ်လာရုစ်နိုင်ငံတွင် တိုးတက်နေသည့် သိပ္ပံနှင့် နည်းပညာဘာသာရပ်များ၊ မောင်းသူမဲ့လေယာဉ် တည်ဆောက်ရေးကိစ္စရပ်များ၊ ဂြိုဟ်တုအသေးစားများ တည်ဆောက်ရေးနှင့် ဂြိုဟ်တုကိုအသုံးချပြီး စိုက်ပျိုးရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများတွင် အသုံးချနိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို ချဲ့ထွင်ပေးရန် အခွင့်အလမ်းများ ပေးအပ်နိုင်ရေး တောင်းဆိုလိုပါကြောင်း ပြောကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းက မိမိတို့ကို ယခုလိုအချိန်ပေးပြီး တွေ့ဆုံသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် အဓိကအားဖြင့် နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များရှိပြီး ယင်းတက္ကသိုလ်များတွင် အဏုမြူနှင့်ပတ်သက်သည့် ဘာသာရပ်များသင်ကြားနေခြင်းများ ရှိသကဲ့သို့ အာကာသနည်းပညာနှင့် ပတ်သက်ပြီးလည်း သင်ကြားပေးလျက်ရှိကြောင်း၊ ထို့ပြင် အသက်မွေးဝမ်းကျောင်းမှုပညာနှင့် ပတ်သက်သည့် နည်းပညာကျောင်းများနှင့် သက်မွေးပညာကောလိပ်များလည်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနလက်အောက်တွင်ရှိကြောင်း၊ မိမိတို့နိုင်ငံကိုလည်း လာရောက်လည်ပတ်ရန်အတွက် ဖိတ်ခေါ်လိုပါကြောင်း ပြောကြားသည်။

ထို့နောက် အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဘယ်လာရုစ်သမ္မတနိုင်ငံ ပညာရေးဝန်ကြီး H.E. Mr. Ivanets Andrey Ivanovich၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာနအကြီးအကဲ Irina Shit-kovsk aya၊ အဆင့်မြင့်ပညာရေးဌာန အကြီးအကဲ Dutina Alina Alexandrovna ၊ သိပ္ပံနှင့် ဆန်းသစ်တီထွင်မှုဌာန အကြီးအကဲ She-shko Nikolay Nikolaevich တို့ တက်ရောက်ကြကြောင်း သိရသည်။

ဆက်လက်၍ မြန်မာအာကာသအေဂျင်စီအမှုဆောင်အရာရှိချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် Belarusian State University သို့ သွားရောက်လေ့လာရာ Belarusian State University မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး Belarusian State University ၏ ပထမအဓိပတိ Dmitry Mirosla-vovich Kurlovich၊ သိပ္ပံနှင့် သုတေသနလုပ်ငန်းဆိုင်ရာ ဒုတိယအဓိပတိ Andrey Viktorovich Blokhin နှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေး၍ Belarusian State University အတွင်းရှိ စမ်းသပ်ခန်းများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group