Myanmar National Post

ဆိုမာလီ ပင်လယ်ဓားပြတွေ ပြန်သောင်းကျန်းနေလို့ အိန္ဒိယသင်္ဘောသားတော်တော်များများ အဖမ်းခံလိုက်ရ


ဩဂုတ် - ၂၄ ( တနင်္လာနေ့ ) 

ဒီတစ်ပတ်အတွင်း သီးခြားဖြစ်စဉ် နှစ်ခုမှာ ကုန်သွယ်ရေးသင်္ဘော နှစ်စင်း ပြန်ပေးဆွဲခံခဲ့ရပြီး၊ ဒါဟာ အာဖရိက ဦးချိုဒေသ နဲ့ အနီးဝန်းကျင် ကမ်းလွန်ပင်လယ်ပြင်မှာ ပင်လယ်ဓားပြ ခြိမ်းခြောက်မှုတွေ ပြန်လည်ခေါင်းထောင် လာနေတာကို ပြသနေပါတယ်။ လက်ရှိ အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြားမှာ ဒီဒေသတွင်း ကုန်သွယ်ရေး သင်္ဘောတွေအပေါ် တိုက်ခိုက်မှုအချို့လည်း ဖြစ်ပွားခဲ့ပါတယ်။

ကြာသပတေးနေ့တုန်းက ယီမင်ကမ်းလွန် အေဒင်ပင်လယ်ကွေ့  အတွင်းမှာ အီရီထရီးယား နိုင်ငံအလံ လွှင့်ထူထားတဲ့ ရေနံထွက်ပစ္စည်း တင်ဆောင်တဲ့ သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံခဲ့ရပါတယ်။ အဲဒီသင်္ဘောပေါ်မှာ အိန္ဒိယနိုင်ငံသား ၁၆ ဦး အပါအဝင် သင်္ဘောသား ၂၀ ဦး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ လက်နက်ကိုင် ၆ ဦးက သင်္ဘောပေါ် တက်ရောက်စီးနင်းခဲ့ပြီး ဆိုမာလီယာနိုင်ငံဘက်ကို လမ်းကြောင်းပြောင်း မောင်းနှင်သွားခဲ့တယ်လို့ ဗြိတိန် ရေကြောင်းကုန်သွယ်မှု စစ်ဆင်ရေးစခန်း (UKMTO) က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ အဆိုပါ ရေနံတင်သင်္ဘောဟာ အီရန် ရေနံထွက်ပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လွန်ခဲ့တဲ့နှစ်က အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူခြင်းခံထားရတဲ့ သင်္ဘောလည်း ဖြစ်ပါတယ်။

မိုဂါဒစ်ရှူးမြို့ရှိ တူရကီ စစ်သင်တန်းကျောင်းအတွက် လက်နက်များ တင်ဆောင်လာတဲ့ ကင်မရွန်းနိုင်ငံအလံတင် သင်္ဘောတော့ ဒီကနေ့ မနက်ပိုင်းမှာပဲ ဆိုမာလီယာနိုင်ငံ ပန့်တ်လန်း ဒေသ ကမ်းလွန်တွင် ပြန်ပေးဆွဲခံခဲ့ရပါတယ်။ အဲ့ဒိသင်္ဘောက သင်္ဘောသား  ၁၀ ဦးမှာ အိန္ဒိယနိုင်ငံသား ၆ ဦး ပါဝင်ပါတယ်။

အဲ့ဒိသင်္ဘောကို ပင်လယ်ဓားပြတွေက နူဂေါလ် ကမ်းရိုးတန်းဘက်သို့ မောင်းနှင်ခေါ်ဆောင်သွားခဲ့ကြောင်း ဆိုမာလီ အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ သတင်းများတွင် ဖော်ပြထားပါတယ်။ သင်္ဘောနှင့် တင်ဆောင်လာသော ကုန်ပစ္စည်းများ၏ နောက်ဆုံးအခြေအနေကို ချက်ချင်း မသိရှိရသေးသလို အိန္ဒိယနှင့် တူရကီ အာဏာပိုင်များကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ပြောကြားခြင်း မရှိသေးပါဘူး။

အိန္ဒိယသည် ကမ္ဘာ့ သင်္ဘောလုပ်သား ဒုတိယအများဆုံး တင်ပို့သည့် နိုင်ငံဖြစ်ပြီး ကမ္ဘာ့ ရေကြောင်း ကုန်သွယ်ရေး လုပ်ငန်းများတွင် အိန္ဒိယ ရေကြောင်းကျွမ်းကျင်သူ ၃၁၁,၉၃၆ ဦး လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် လည်း ကုန်သွယ်ရေး သင်္ဘောများ တိုက်ခိုက်ခံရမှုများတွင် အိန္ဒိယ နိုင်ငံသားများ ပိုမိုပါဝင် ဒုက္ခရောက်နေရခြင်း ဖြစ်ပါတယ်။ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုများကြောင့် စတင်ခဲ့သော အရှေ့အလယ်ပိုင်း ပဋိပက္ခ စတင်ချိန်မှစ၍ သင်္ဘောများ တိုက်ခိုက်ခံရမှုအတွင်း အိန္ဒိယ သင်္ဘောလုပ်သား ၁၀ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။


REF: RT

#News #Myanmar

မူရင်းသတင်း — Myanmar National Post