Eleven Media Group

■ မြန်မာနိုင်ငံနှင့်ပတ်သက်၍ မူဝါဒပြောင်းလိုက်သော အမေရိကန်အစိုးရက မြန်မာတပ်မတော် ခေါင်းဆောင်များနှင့် ထိတွေ့ ဆက်ဆံမှုစတင်

မြန်မာနိုင်ငံနှင့်ပတ်သက်၍ မူဝါဒပြောင်းလိုက်သော အမေရိကန်အစိုးရက မြန်မာတပ်မတော် ခေါင်းဆောင်များနှင့် တိုက်ရိုက်ဆွေးနွေးမှုများကို စတင်လိုက်ပြီဟု အမေရိကန်တာဝန်ရှိသူများနှင့် အခြားနီးစပ်သောသတင်းအရင်းအမြစ်များ၏ ပြောကြားမှုများကိုကိုးကား၍ ရိုက်တာသတင်းဌာနက အောက်တိုဘာ ၈ ရက်တွင် ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ်တွင် တပ်မတော်ကနိုင်ငံတော်အာဏာကို လွှဲပြောင်းယူခဲ့ပြီးနောက်ပိုင်း မြန်မာ့တပ်မတော်ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံခြင်းမပြုခဲ့သည့် ဝါရှင်တန်၏ ကြိုးပမ်းမှုများ သိသိသာသာပြောင်းပြန်ဖြစ်သွားခြင်းဖြစ်သည်။

ယင်းသို့ မူဝါဒပြောင်းလဲမှုနှင့်ပတ်သက်၍ သိရှိထားသော တာဝန်ထမ်းဆောင်ဆဲနှင့် တာဝန်ရှိသူဟောင်း ခုနစ်ဦးတို့၏ပြောကြား ချက်များအပြင် အခြားနီးစပ်သူများ၏ပြော ကြားချက်များအရ ထောက်လှမ်းရေးနှင့်သု တေသနတို့အတွက် အမေရိကန်ဒုတိယနိုင်ငံ ခြားရေးဝန်ကြီး မိုက်ကယ်ဗင့်က မြန်မာ့တပ်မ တော်ခေါင်းဆောင်များနှင့် ပြန်လည်ဆက်ဆံမှုကို ထိပ်ဆုံးက ဦးဆောင်ခဲ့သည်ဟု ရိုက်တာကဖော်ပြခဲ့သည်။

အထူးသဖြင့် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသော ကျားဖျန့်စင်တာများ ပိတ်ပစ်ရေးကို အလေးပေးဆွေးနွေးခဲ့ သည့်အပြင် မြန်မာ၏မြေရှားသတ္တုနှင့်စပ် လျဉ်း၍လည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမည့်အနေအထားသို့ ဦးတည်နိုင်သည်ဟု သိရသည်။

ဗင့်သည် မြန်မာသမ္မတဦးမင်းအောင်လှိုင်နှင့် စက်တင်ဘာ ၁၅-၁၆ ရက်တို့တွင် ဆွေးနွေးရာ၌ ပါဝင်လာနိုင်သည်ဟုဆိုသည်။ အမေရိကန်လုပ်ငန်းရှင် အဒမ်ကက်စတီလို ပြန်လည်လွတ်မြောက်ရေးကိစ္စကို ဆွေးနွေးကြမည့်အပြင် နောက်ထပ်ဆွေးနွေးမှုများ လုပ်ဆောင်ရေးအတွက် လမ်းပွင့်အောင်လုပ်ရန်လည်း ရည်ရွယ်သည်ဟု လူလေးဦး၏ ပြောကြားချက်များကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ် နောက်ပိုင်း ထိပ်တန်းတာဝန် ရှိသူများပါဝင်သည့် လွန်ခဲ့သောလက အဆင့်မြင့်ဆွေးနွေးပွဲသည် ဒီမိုကရေစီကို အားပေးမြှင့်တင်ခြင်းမှသည် အသွင်ကူးပြောင်းရေးဆိုင်ရာ ထိတွေ့ဆက်ဆံမှုဆီသို့ ပြောင်းလဲသွားသည့် ထရန့်အစိုးရအဖွဲ့၏ ကျယ်ပြန့်သော မူဝါအပြောင်းအလဲကို မီးမောင်းထိုးပြလျက်ရှိသည်။

သြဂုတ်လတုန်းက နိုင်ငံခြားရေးဝန်ကြီးဌာန၏ထိပ်တန်းထောက်လှမ်းရေးတာဝန်ရှိသူအဖြစ် အတည်ပြုခံခဲ့ရသော မိုက်ကယ်ဗင့်တက်ရောက်ခြင်းနှင့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အမေရိကန်မူဝါဒကို သူ၏ဖော်ဆောင်နေမှုတို့အား ယခင်တုန်းက သတင်းထုတ်ပြန် ခဲ့ခြင်းမရှိပေ။

နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားရာတွင် အမေရိကန်အကျိုးစီးပွားများကို ထိခိုက်စေသောပြဿနာ များနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ အုပ်စုအားလုံးနှင့် ဆွေးနွေးမည်ဟု ပြောကြားခဲ့ပြီး အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် နိုင်ငံရေးအကျဉ်းသားအား လုံးကို ပြန်လွှတ်ပေးရန် လိုအပ်ကြောင်းကို လည်း ဆွေးနွေးမည်ဟု ဆိုသည်။

"သူတို့ကို လျစ်လျူရှုထားခြင်းအားဖြင့် ပြဿနာတွေကို ဖြေရှင်းလို့မရပါဘူး။ သူတို့ နဲ့တွေ့ဆုံပြီး ပြဿနာတွေကို ဖြေရှင်းရမှာပါ" ဟု ထုတ်ပြန်ချက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တွမ်မီပစ်ဂေါ့က ဖော်ပြခဲ့သည်။

မြန်မာအစိုးရအတွက် ပြောရေးဆိုခွင့် ရှိသူကို ယင်းကိစ္စနှင့်ပတ်သက်၍ဖြေကြားပေး ရန် ရိုက်တာကမေးမြန်းသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိဟု ဆိုသည်။

လက်ရှိတာဝန်ထမ်းဆောင်နေသော တာဝန်ရှိသူများနှင့် တာဝန်ရှိသူဟောင်းများက မိုက်ကယ်ဗင့်သည် မြန်မာနိုင်ငံ၏ရှုပ်ထွေးသော ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းအားလုံးမှ သက်ဆိုင်ရာပုဂ္ဂိုလ်များကို တွေ့ဆုံခဲ့ပြီးပြီဟု ပြောကြားခဲ့ကြသည်။ ထရန့် အစိုးရ၏မြန်မာနှင့်သက်ဆိုင်သောမူဝါဒကို မိုက်ကယ်ဗင့်က ကူညီပုံဖော်ပေးမည်ဟု ဆိုခဲ့ကြသည်။

မိုက်ကယ်ဗင့်ကဲ့သို့သော ထောက်လှမ်းရေးအကြီး အကဲများသည် ပိုင်းခြားစိတ်ဖြာမှု လွတ်လွတ် လပ်လပ်လုပ်ကြသည့်အတွက် သူတို့က ပေါ်လစီကို ဖော်ဆောင်နိုင်‌လေ့မရှိဟု ဆိုသည်။

"ပေါ်လစီကို ထောက်လှမ်းရေးပုံစံအတိုင်း လုပ်မယ်ဆိုရင် ခင်ဗျားဟာ မြေပြင်အချက်အလက်နဲ့ပတ်သက်ပြီး တကယ်ရိုးသားတဲ့ အကဲဖြတ်ချက်ကို လုပ်နိုင်မှာမဟုတ်တာ သေချာပါတယ်"ဟု ပြည်ပဆက်ဆံရေး ကောင်စီ၏အချိန်ပိုင်းအကြီးတန်ပညာရှင် ရစ်ချတ်ဘတ်စ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ အမေရိကန်ကုန်သည် ကြီးများအသင်း၏အကြီးအကဲဟောင်း ကက်စတီလိုသည် ဇွန် ၁၁ ရက်တွင် ရန်ကုန်လေဆိပ်၌ မြန်မာအာဏာပိုင်များ၏ထိန်းသိမ်း ခြင်းကို ခံခဲ့ရသည်။

အာရှရေးရာနှင့်ပတ်သက်၍ ဒုတိယ သမ္မတဂျေဒီဗန့်ကို အကြံပေးနေရင်း မြန်မာမူဝါဒ၌ ပါဝင်ပတ်သက်လာသော မိုက်ကယ်ဗင့်က ဒီမိုကရက်တစ်အတိုက်အခံများ၊ တပ်မတော်ကို တိုက်ခိုက်သော တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများမှပုဂ္ဂိုလ်များနှင့် ကိုယ်တိုင်တွေ့ဆုံခဲ့သလို အွန်လိုင်းမှလည်းတွေ့ ဆုံခဲ့သည်ဟု လူပုဂ္ဂိုလ်ငါးဦးက ပြောကြားခဲ့သည်။

မြန်မာပိုင်နယ်မြေများထဲတွင် လှုပ်ရှားနေသော ကျားဖျန့်စင်တာများကို ပိတ်ရာတွင် မြန်မာ၏အကူအညီရရှိရန် အမေရိကန်က အဓိကလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။ ကျားဖျန့်ကိစ္စနှင့်ပတ်သက်၍ FBI က မြန်မာအာဏာပိုင်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနေသည်ဟု ဆိုသည်။

အမေရိကန်တာဝန်ရှိသူများက မြန်မာနိုင်ငံ၏များပြားလှသောမြေရှားသတ္တုများ ထုတ်ယူရေးနှင့်ပတ်သက်၍လည်း ဆွေးနွေးထားသည်ဟု ရိုက်တာက ဖော်ပြခဲ့သည်။

အမေရိကန်က လက်ရှိမြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံခြင်းကြောင့် မြန်မာနိုင်ငံရှိ အခြားသောအုပ်စုများနှင့် ဆက်ဆံမှုများ လျော့သွားမည်မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားသည်။

Ref:Reuters

မူရင်းသတင်း — Eleven Media Group