Eleven Media Group

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အဆင့် မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခြင်းမပြုဘဲ အိမ်ခြံမြေ အကျိုးဆောင် လုပ်ကိုင်နေသူများကို အရေးယူသွားမည်

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အဆင့် မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခြင်းမပြုဘဲ အိမ်ခြံမြေ အကျိုးဆောင် လုပ်ကိုင်နေသူများကို အရေးယူသွားမည်ဟု လွှတ်တော်တွင် သက်ဆိုင်ရာ အစိုးရအဖွဲ့ဝန်ကြီးမှ ပြန်လည် ဖြေကြားခဲ့သည်။

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အဆင့် မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခြင်းမပြုဘဲ အိမ်ခြံမြေ အကျိုးဆောင် လုပ်ကိုင်နေသူများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည် ဆိုသော မေးခွန်းကို ရပ်စောက်မြို့နယ် ကိုယ်စားလှယ် အမှတ်(၁) မှ ဦးအောင်ကျော်ညွန့် က မေးမြန်းခြင်း ဖြစ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ မှ ပြန်လည် ဖြေကြားခဲ့သည်။

တတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ အောက်တိုဘာ ၈ ရက် ကြာသပတေးနေ့ တွင် အထက်ပါ မေးခွန်းကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ မှ(၁) ရှမ်းပြည်နယ်တွင်းရှိ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း အသိအမှတ်ပြု မှတ်ပုံတင် လက်မှတ် များအား စနစ်တကျ လျှောက်ထား ရယူထားခြင်း မရှိဘဲ၊ နိုင်ငံတော်ပိုင်မြေများကို အိမ်ခြံမြေ ရောင်းဝယ်ငှား လုပ်ကိုင်နေကြသော ပိုင်ရှင်တိုက်ရိုက် ပွဲစားများမှ လုပ်ကိုင်နေမှုများကို ရှမ်းပြည်နယ်တွင်းရှိ ခရိုင် မြို့နယ်များတွင် အိမ်ခြံမြေ ရောင်းဝယ်ငှား အကျိုးဆောင်အဖြစ် ဆောင်ရွက်လိုသူများ ရှိလာပါက အိမ်ခြံမြေ အကျိုးဆောင်များ ညွှန်ကြားချက် တွင် ပြဌာန်းထားရှိကာ ၊ လျှောက်ထားစေပြီး မြို့နယ် မှတ်ပုံတင်အဖွဲ့၊ ခရိုင် ကြီးကြပ်ရေး အဖွဲ့များမှ စိစစ်တင်ပြလျှက် ရှိပါကြောင်း ဆိုသည်။

(က) နိုင်ငံသား စီစစ်ရေး ကတ်ပြားမိတ္တူ ၊ (ခ) လိုင်စင်ဓါတ်ပုံ၂ ပုံ ၊ (ဂ) တည်ဆဲ ဥပဒေနှင့်အညီ သက်ဆိုင်ရာဌာနများမှ ထုတ်ပေးထားသော လုပ်ငန်းနှင့် ပတ်သက်သည့် အထောက်အထားများ (ဃ) အိမ်ခြံမြေ အကျိုးဆောင် လုပ်ကိုင်သည့် လုပ်ငန်း ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းသည် နိုင်ငံခြားသား နှင့် ဖက်စပ် လုပ်ကိုင်သည့် ကုမ္ပဏီ ဖြစ်ပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၏ ခွင့်ပြုမိန့် မိတ္တူ၊ (င) အိမ်ခြံမြေ အကျိုးဆောင် လုပ်ကိုင်သူ၏ ကိုယ်ရေးအချက်အလက် လုပ်ငန်းအမည် ဆက်သွယ်ရေး ဖုန်းနံပါတ် ၊ (စ) လျှောက်လွှာတွင် ဖြည့်သွင်းမည့် လက်ရှိ နေရပ်လိပ်စာတွင် နေထိုင်လျှက် ရှိကြောင်း သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ထောက်ခံချက် နှင့် သက်ဆိုင်ရာ ရဲစခန်း ၏ ပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံချက်၊ (ဆ) ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက် ပံ့မှု တိုက်ဖျက်ရေး ဆိုင်ရာ သင်တန်း တက်ရောက်ပြီးကြောင်း အထောက်အထား လက်မှတ် ၊ (ဇ) ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက် ပံ့မှု တိုက်ဖျက်ရေး အပါအဝင် သက်ဆိုင်ရာ ဥပဒေ နည်းဥပဒေ များ အမိန့် နှင့် ညွှန်ကြားချက်များ နှင့် ပတ်သက်သည့် ပညာမြှင့်တင်ရေး သင်တန်း ဖွင့်လှစ်ပါက တက်ရောက်မည်ဟု ခံဝန်ချက်၊ (ဈ) အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းများအတွက် ဘဏ်စာရင်း ဖွင့်ထားမှု ဘဏ်စာရင်း ရှင်းတမ်း မိတ္တူ တို့ ဖြစ်သည်။

(၂) အခြေခံ မြေ အကျိုးဆောင်ဆိုင်ရာ ညွှန်​ကြားချက် အမှတ် ၁/၂၀၂၂ နှင့် စပ်လျဉ်း၍ ဖြည့်စွက် ညွှန်ကြားချက် တွင် အောက်ပါအတိုင်း ဖော်ပြထားသဖြင့် ဖော်ထုတ်စိစစ်ပေးလျက် ရှိကြောင်းဆိုသည်။

မြို့နယ် အိမ်ခြံမြေ အကျိုးဆောင်ဆိုင်ရာ မှတ်ပုံတင် အဖွဲ့များ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်ပြီးပါက သက်ဆိုင်ရာ အိမ်ခြံမြေ အကျိုးဆောင်နှင့် ညှိနှိုင်း စိစစ် ရရှိသောအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း လုပ်ကိုင်သူများ စာရင်းကို နေ​ပြည်တော်ကောင်စီ တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့သို့ တင်ပြ အတည်ပြုချက် ရယူပြီးမှ အသိအမှတ်ပြု မှတ်ပုံတင် လက်မှတ် ထုတ်ပေးသွားရန်၊ အသိအမှတ်ပြု မှတ်ပုံတင် လက်မှတ် များကို အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးချုပ် မှ ထုတ်ပေးသည့် မှတ်ပုံတင် လက်မှတ် နှင့် အမှတ်စဉ်အား ပြင်ဆင်ခြင်း မပြုရန်၊(၃) ဥပဒေ နည်းဥပဒေ အတိုင်း လိုက်နာဆောင်ရွက်ရမည့် လိုအပ်ချက် ၊ လိုအပ်သည့် အချက်အလက် များကို သိရှိစေရန် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ သင်တန်းများ ပို့ချ ပေးသွားမည် ဖြစ်ပါသည်။ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခ အခွန်ဘဏ္ဍာများ ရရှိစေရေး အတွက် ပြည်သူများ အသိပညာပေး ဟောပြောပွဲများ ကျင်းပပေးသွားမည် ဖြစ်ပါကြောင်း နှင့် တရားဝင် ပိုင်ဆိုင်မှု ရှိသည့် အိမ်ခြံမြေ အရောင်းအဝယ် ပြုလုပ်သည့် အခါ မြို့နယ်အတွင်း အခွန်များ ဦးစီးဌာန တွင် ရောင်းခွန်ဝယ်ခွန်များ ပေးဆောင်၍ သတ်မှတ်တံဆိပ်ခေါင်းများဖြင့် မြို့နယ် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် တရားဝင် လျှောက်ထား ဆောင်ရွက်လျက် ရှိပါသည်။

အသိအမှတ်ပြု လက်မှတ် ရရှိပြီးသူများသည် ငွေကြေးခဝါချ တိုက်ဖျက်ရေး ဥပဒေ အရ သတ်မှတ် ပမာဏ ထက် ကျော်လွန်သည့် သတင်းပို့ချက် ၊ သံသယဖြစ်ဖွယ် သတင်းပို့ချက် တို့ကို ပေးပို့ ဆောင်ရွက်နိုင်ရန် နှင့် ပေးပို့မှု မရှိပါက ငွေကြေး ခဝါချမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၄၄ အရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆိုသည်။

အသိအမှတ်ပြု လက်မှတ် ရယူထားခြင်း မရှိသူများအား တရားဝင် လက်မှတ် ရရှိမှသာ လုပ်ငန်း လုပ်ကိုင်စေရေး နှင့် မြန်မာနိုင်ငံ အိမ်ခြံမြေ အသင်းမှ ပို့ချထားသောသင်တန်းများ တက်​ရောက်စေ ရေး နှင့် နိုင်ငံတော်၏ အခွန်ရရှိမှု လေလွင့်မှု မရှိစေရေး အတွက် ဥပဒေ နှင့်အညီ အကျိုးဆောင် လုပ်ငန်း ဆောင်ရွက်စေရန် ညွှန်ကြားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားအပ်ပါသည် ဟု ဝန်ကြီးက ဖြေကြားခဲ့သည်။

စည်သာ(တောင်ကြီး)

မူရင်းသတင်း — Eleven Media Group