
နယူးဇီလန် အစိုးရသည် အသက် ၁၆ နှစ်အောက် ကလေးငယ်များ လူမှုကွန်ရက် သုံးစွဲမှုကို ပိတ်ပင်သည့် ဥပဒေမူကြမ်းတစ်ခုကို ဩဂုတ် ၂၄ ရက်က တင်သွင်းခဲ့ပြီး ယင်းသည် Instagram နှင့် TikTok ကဲ့သို့ လူမှုမီဒီယာများနှင့် လူငယ်များကို ခပ်ကင်းကင်းဖြစ်စေရန် ကြိုးပမ်းနေသည့် အခြားနိုင်ငံများကဲ့သို့ လိုက်ပါလုပ်ဆောင်ခြင်းဖြစ်သည်။
ဩစတြေးလျသည် အသက်မပြည့်သေးသည့် ကလေးများကို လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်သည့် ကမ္ဘာ့ပထမဆုံး ဥပဒေကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် စတင်ကျင့်သုံးခဲ့ပြီးနောက် ဗြိတိန်၊ ပြင်သစ်နှင့် အခြားနိုင်ငံများကပါ လိုက်ပါလုပ်ဆောင်ခဲ့ကြသည်။
နယူးဇီလန်၏ အဆိုပြုထားသော ဥပဒေအရ Meta ကဲ့သို့သော ကုမ္ပဏီများသည် ဥပဒေကို လိုက်နာရန် ပျက်ကွက်ပါက ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းအထိ ဒဏ်ငွေချမှတ်ခံရမည်ဖြစ်သည်။
"နယူးဇီလန် ကလေးငယ်တွေရဲ့ မျိုးဆက်တစ်ခုအပေါ် သက်ရောက်နေတဲ့ ထိခိုက်နစ်နာမှုတွေကို ကျနော်တို့ လုံးဝ လက်မခံနိုင်ပါဘူး။ အသက် ၁၃ နှစ်နဲ့ ၁၇ နှစ်ကြားရှိတဲ့ ကလေး ၃ ယောက်မှာ ၁ ယောက်ဟာ အခုဆိုရင် လူမှုကွန်ရက်ပေါ်မှာ တစ်နေ့ကို အနည်းဆုံး ၅ နာရီအထိ အချိန်ဖြုန်းနေကြပါတယ်" ဟု ဝန်ကြီးချုပ် ခရစ္စတိုဖာ လပ်ခ်ဆန်က ပြောကြားခဲ့သည်။
"လူမှုကွန်ရက်ဟာ သူတို့ကို အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေ၊ စွဲလမ်းစေတဲ့ နည်းပညာတွေနဲ့ သူတို့ ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း မရှိသေးတဲ့ ဖိအားတွေနဲ့ ထိတွေ့စေပြီး မိသားစုဘဝ၊ စိတ်ကျန်းမာရေး၊ အိပ်စက်မှုနဲ့ ပညာရေးတွေကို ထိခိုက်စေနေပါတယ်" ဟု ၎င်းက ဆိုသည်။
Instagram ၊ TikTok ၊ Snapchat နှင့် Facebook ပလက်ဖောင်းများကို သီးသန့် ထုတ်ဖော်ပြောကြားခဲ့ပြီး အဆိုပါ ပလက်ဖောင်းများအနေဖြင့် သုံးစွဲသူများ အသက် ၁၆ နှစ်ထက် ကျော်လွန်ကြောင်း စစ်ဆေးရန် သင့်တော်သော အစီအစဉ်များ ပြုလုပ်ရန်လိုအပ်မည်ဟု လပ်ခ်ဆန်က ပြောကြားခဲ့သည်။
လူမှုမီဒီယာကုမ္ပဏီများအနေဖြင့် အသက်အရွယ် အတည်ပြုနိုင်ရန် ရှိပြီးသား အကောင့်အချက်အလက်များ၊ မျက်နှာဖြင့် အသက်ခန့်မှန်းသည့် စနစ်များ၊ ဒစ်ဂျစ်တယ် အိုင်ဒီ ဝန်ဆောင်မှုများနှင့် တရားဝင် မှတ်ပုံတင်များကို စိစစ်အတည်ပြုရန် လိုအပ်မည်ဖြစ်သည်။
နယူးဇီလန် နေရှင်နယ်ပါတီ၏ မဟာမိတ် မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် လစ်ဘရယ်ဝါဒီ ACT ပါတီနှင့် NZ First ပါတီတို့က အဆိုပါဥပဒေမူကြမ်းကို ကန့်ကွက်ထားကြသဖြင့် ယင်းဥပဒေမူကြမ်းကို အတည်ပြုနိုင်ရန် မသေချာသေးပေ။
Ref: AFP