
အမေရိကန်စစ်တပ်မှ ဗိုလ်မှူးဟောင်းတစ်ဦးကို ပစ်သတ်သည့်နည်းဖြင့် သေဒဏ်ပေးမည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ကြေညာထားသည်။ ယင်းသည် ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်စစ်တပ်တွင် ပစ်သတ်သည့်နည်းဖြင့် ပထမဆုံးအကြိမ် သေဒဏ်ပေးမှု ဖြစ်လာမည်။
အမေရိကန်စစ်တပ်၏ စိတ်ရောဂါအထူးကု ဆရာဝန်တစ်ဦးဖြစ်ခဲ့သည့် နီဒယ်ဟာဆန်သည် ၂၀၀၉ ခုနှစ်က တက္ကဆက်ပြည်နယ်ရှိ Fort Hood စစ်စခန်းတွင် အမေရိကန်စစ်သား ၁၃ ဦးကို ပစ်သတ်ခဲ့သည်။ ၎င်းကို ပစ်သတ်ကွပ်မျက်ရန် ကာကွယ်ရေးဝန်ကြီး ပီဟက်ဂ်ဆက်က အကြံပြုခဲ့ပြီး သမ္မတ ဒေါ်နယ်ထရန့်က သဘောတူခဲ့သည်။ အမေရိကန်စစ်တပ်တွင် သေဒဏ်ကျခံနေရသူများစာရင်း၌ ဟာဆန်အပါအဝင် အကျဉ်းသားလေးဦးရှိသည်။ ဟာဆန်ကို ဒီဇင်ဘာ ၃ ရက်တွင် ကွပ်မျက်မည်ဖြစ်သည်။
၂၀၀၉ ခုနှစ် ၊ နိုဝင်ဘာ ၅ ရက်က ဆေးစစ်မှုခံယူရန်နှင့် ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းနေသည့် စစ်သားများ ပြည့်ကျပ်နေသော ဆေးကုသရေး အဆောက်အအုံတစ်ခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဟာဆန်သည် ပစ်ခတ်မှု မကျူးလွန်မီ “အလ္လာဟ်အက်ခဘာ” (ဘုရားသခင်သည် ကြီးမြတ်တော်မူသည်) ဟု အော်ဟစ်ခဲ့သည်။
၁၀ မိနစ်ခန့်ကြာမြင့်သည့် ပစ်ခတ်မှုအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီး စစ်သည်တစ်ဦးအပါအဝင် လူ ၁၃ ဦးသေဆုံးကာ ၃၂ ဦး ဒဏ်ရာရခဲ့သည်။ ဟာဆန်ကို အရာရှိနှစ်ဦးက ပြန်လည်ပစ်ခတ်သဖြင့် ကျည်ဆန်အများအပြား ထိမှန်ခဲ့ပြီး ထိုဒဏ်ရာများကြောင့် ခါးအောက်ပိုင်းမှစ၍ မလှုပ်ရှားနိုင်တော့ပေ။
တရားခွင်တွင် ဟာဆန်က ပစ်ခတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံကာ အာဖဂန်နစ္စတန်သို့ စစ်သည်များ စေလွှတ်ခြင်းနှင့် အစ္စလာမ်ဘာသာဝင်များ သေဆုံးနေမှုကို ရပ်တန့်စေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ထိုစဉ်က ၎င်းသည် အာဖဂန်နစ္စတန်သို့ စေလွှတ်ခံရရန် ရက်သတ္တပတ်အနည်းငယ်သာ လိုတော့သည့်အချိန် ဖြစ်သည်။
စုံစမ်းစစ်ဆေးမှုများအရ ပစ်ခတ်မှုမဖြစ်ပွားမီ ဟာဆန်သည် အယ်လ်ကိုင်းဒါးနှင့် ဆက်နွယ်မှုရှိသည်ဟု ယူဆရသူ ယီမင်-အမေရိကန်ပညာရှင် အန်ဝါ အယ်လ်-အော်လာကီနှင့် အီးမေးလ်များ အပြန်အလှန်ပေးပို့ခဲ့သည်ကို တွေ့ရှိရသည်။
စစ်ဥပဒေအရ စစ်ဘက်သေဒဏ်ပေးမှုတစ်ခုကို အကောင်အထည်ဖော်ရန် အမေရိကန်သမ္မတ၏ခွင့်ပြုချက် လိုအပ်သည်။ အမေရိကန်စစ်ဘက် အယူခံတရားရုံးက ၁၉၈၃ ခုနှစ်တွင် စစ်ဘက်၌ သေဒဏ်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်ဟု ဆုံးဖြတ်ခဲ့သော်လည်း သမ္မတရော်နယ်ရေဂင်က ၁၉၈၄ ခုနှစ်တွင် အုပ်ချုပ်ရေးအမိန့်တစ်ရပ် ထုတ်ပြန်ကာ သေဒဏ်ပေးမှုကို ပြန်အသက်သွင်းခဲ့သည်။
အမေရိကန်စစ်တပ်တွင် သေဒဏ်ကျခံနေရသူများစာရင်း၌ ဟာဆန်အပါအဝင် အကျဉ်းသားလေးဦးရှိသည်။ စစ်တပ်အတွင်း နောက်ဆုံးသေဒဏ်ပေးမှုကို ၁၉၆၁ ခုနှစ်က ပြုလုပ်ခဲ့ပြီး အသက် ၁၁ နှစ်အရွယ်ကလေးကို အဓမ္မပြုကျင့်ခဲ့သည့် စစ်သည်ဂျွန်ဘန်းနတ်ကို ကြိုးပေးကွပ်မျက်လိုက်ခြင်း ဖြစ်သည်။
Ref: BBC / Al Jazeera