Eleven Media Group

အိန္ဒိယတွင် ပြီးခဲ့သည့်လက ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းမှုများရှိခဲ့ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ပြောကြား

ပြီးခဲ့သည့်လက အိန္ဒိယနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လူငယ်များဦးဆောင်သော ဆန္ဒပြပွဲများအတွင်းအိန္ဒိယရဲတပ်ဖွဲ့သည် လျှပ်စစ်လျှော့တိုက်သည့် ပစ္စည်းများ၊ လေသေနတ်များအပါအဝင် လွန်ကဲသည့် အင်အားသုံးဖြိုခွင်းမှုများ ပြုလုပ်ခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဩဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

AI ၏ ထုတ်ပြန်ချက်သည် ဆန္ဒပြသူများက အကြမ်းဖက်လာသဖြင့် အင်အားသုံးခဲ့ခြင်း ဖြစ်သည်ဆိုသည့် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများကြား နှစ်ဖက်စလုံး၏ အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန် အိန္ဒိယ တရားရုံးချုပ်က ဩဂုတ် ၂၀ ရက်တွင် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

အိန္ဒိယတွင် ဆေးတက္ကသိုလ် ဝင်ခွင့်စာမေးပွဲ မေးခွန်းများ ပေါက်ကြားခဲ့မှုကြောင့် စတင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများသည် ဇူလိုင်လ ၂၀ ရက်နေ့တွင် ဆန္ဒပြသူ ထောင်ပေါင်းများစွာက ပါလီမန်သို့ ချီတက်ရန် ကြိုးပမ်းခဲ့ချိန်တွင် အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်းသွားခဲ့သည်။

ဒေလီနှင့် အရှေ့ပိုင်း ဘီဟာ (Bihar) ပြည်နယ်တို့တွင် ဆန္ဒပြသူများကို လေသေနတ်များ၊ မျက်ရည်ယိုဗုံးများ၊ လက်ပစ်ဗုံးများ၊ နံပါတ်တုတ်များနှင့် လျှပ်စစ်ရှော့ခ်တိုက်သည့် ပစ္စည်းများ အသုံးပြုခဲ့ကြောင်းနှင့် ထိုအချက်များကို စိစစ်အတည်ပြုထားသည့် မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များနှင့် ရုပ်သံ၊ ဓာတ်ပုံ သက်သေအထောက်အထားများက အတည်ပြုနေသည်ဟု AI က ပြောကြားခဲ့သည်။

ဒေလီ ရဲတပ်ဖွဲ့ကမူ ဆန္ဒပြသူများသည် အကြမ်းဖက် နည်းလမ်းများကို အသုံးပြုလာခဲ့ပြီးနောက် မိမိတို့အနေဖြင့် အင်အားသုံးခဲ့ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့်သတင်းပတ်က ပြုလုပ်ခဲ့သော တရားရုံးချုပ် ကြားနာစစ်ဆေးပွဲတစ်ခုတွင် ထွက်ဆိုခဲ့သည်။

Ref: AFP

မူရင်းသတင်း — Eleven Media Group