Eleven Media Group

Tesla ကုမ္ပဏီက တရုတ်နိုင်ငံရှိ EV ကား အစီးရေ ၃ သန်းခန့်ကို ပြန်လည်သိမ်းဆည်း

Tesla ကုမ္ပဏီသည် တရုတ်နိုင်ငံရှိ EV ကားအစီးရေ ၃ သန်းခန့်ကို ပြန်လည်သိမ်းဆည်းလျက်ရှိကြောင်း CNBC သတင်းတွင် ဖော်ပြခဲ့သည်။

Tesla နှင့် တရုတ်နိုင်ငံ၏ ထုတ်ကုန် ဘေးအန္တရာယ် ကင်းရှင်းရေး အာဏာပိုင်များက ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်သည့် အကြောင်းကြားစာများအရ လက်ကိုင်ပျောက်ဒီဇိုင်းပါသည့် ခေါက်တံခါးလက်ကိုင်များတပ်ဆင်ထားသည့် ကားများကို ပြန်လည်သိမ်းဆည်းနေခြင်းဖြစ်သည်။

မတော်တဆမှုဖြစ်ပွားပါက ကားတံခါးဖွင့်ရန် ခက်ခဲသည့် ခေါက်တံခါးလက်ကိုင်များတပ်ဆင်ထားသည့် ကားများကို လာမည့်နှစ်တွင် တရုတ်နိုင်ငံ၌ ပိတ်ပင်သွားမည်ဖြစ်သဖြင့် Tesla အပါအဝင် သက်ဆိုင်ရာ ကားကုမ္ပဏီများက ၎င်းတို့၏ ကားများကို ပြန်သိမ်းနေကြခြင်းဖြစ်သည်။

ပြင်းထန်သော ယာဉ်တိုက်မှုများသည် ယာဉ်၏ ဗို့အား စနစ်များကို ပျက်စီးစေနိုင်ပြီး ခေါက်တံခါးလက်ကိုင်များကို ချွတ်ယွင်းစေနိုင်သဖြင့် ယာဉ်အတွင်း လိုက်ပါသူများ ထွက်ပြေးလွတ်မြောက်ရန် အဟန့်အတား ဖြစ်စေနိုင်သလို ယာဉ်ပြင်ပမှ ကူညီကယ်ဆယ်မည့်သူများ၏ ကြိုးပမ်းမှုကိုလည်း နှောင့်နှေးစေကာ ဘေးအန္တရာယ် ဖြစ်စေနိုင်ကြောင်း Tesla က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

ကုမ္ပဏီအနေဖြင့် ပြန်လည်သိမ်းဆည်းထားသော ယာဉ်များတွင် သတိပေးတံဆိပ်များ ကပ်သွားရန် စီစဉ်ထားပြီး မတော်တဆမှုတစ်ခုကို သိရှိပါက ပြတင်းပေါက်များကို အလိုအလျောက် ပွင့်သွားစေရန် ပြတင်းပေါက် ထိန်းချုပ်ရေး ဆော့ဖ်ဝဲကိုလည်း အင်တာနက်စနစ်မှတစ်ဆင့် အဆင့်မြှင့်တင်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ် မတ်လ ၄ ရက်နေ့မှ ၂၀၂၆ ခုနှစ် ဧပြီလ ၂၉ ရက်နေ့အတွင်း ထုတ်လုပ်ခဲ့သည့် တင်သွင်းယာဉ်အချို့နှင့် တရုတ်နိုင်ငံတွင် ထုတ်လုပ်သော ယာဉ်များအပါအဝင် Tesla ၏ Model 3၊ Model Y၊ Model S နှင့် Model X များသည် အဆိုပါ ပြန်လည်သိမ်းဆည်းမှုတွင် ပါဝင်သည်။

Model Y သည် တရုတ်နိုင်ငံတွင် အင်မတန် ရောင်းအားကောင်းသည့် ယာဉ်များအနက် တစ်ခုဖြစ်သော်လည်း Tesla သည် စျေးနှုန်း ပိုမိုသက်သာပြီး ဆန်းသစ်သော လျှပ်စစ်ကားများကို ထုတ်လုပ်နေသည့် BYD နှင့် Xiaomi အပါအဝင် ပြည်တွင်း ပြိုင်ဘက်များထံမှ ပိုမိုပြင်းထန်လာသော ဖိအားများနှင့် ရင်ဆိုင်နေရသည်။

Tesla ၏ ပြိုင်ဘက်များဖြစ်ကြသော Xiaomi၊ Geely အပါအဝင် တရုတ်၏ ကားကုမ္ပဏီ ကိုးခုကလည်း ခေါက်တံခါးလက်ကိုင်များတပ်ဆင်ထားသည့် ၎င်းတို့၏ ကားများကို ပြန်လည်သိမ်းဆည်းနေကြသည်။
Ref: CNBC

မူရင်းသတင်း — Eleven Media Group