Eleven Media Group

တောင်ကိုရီးယားနှင့် ရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှုကို အမေရိကန်ဖျက်သိမ်း

အီရန်စစ်ပွဲကြောင့် အမေရိကန်တပ်ဖွဲ့ဝင်များ အသုံးပြုနိုင်မှု အကန့်အသတ်ရှိလာသည်ဟုဆိုကာ စက်တင်ဘာတွင် ပြုလုပ်ရန် စီစဉ်ထားသည့် တောင်ကိုရီးယားနှင့် ပူးတွဲကမ်းတက်စစ်ရေးလေ့ကျင့်မှုကို အမေရိကန်ဘက်က ဖျက်သိမ်းလိုက်ကြောင်း တောင်ကိုရီးယားမရိန်းတပ်ဖွဲ့က ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

တပ်မအဆင့် ပြုလုပ်မည့် Ssangyong လေ့ကျင့်မှုဖြစ်ပြီး အမေရိကန်မရိန်းတပ်ဖွဲ့က ၎င်းတပ်ဖွဲ့ဝင်များ၏ တပ်ဖြန့်အသုံးပြုနိုင်မှု အကန့်အသတ်ရှိမည်ဟု တောင်ကိုရီးယား မရိန်းတပ်ဖွဲ့ထံ ဇွန်လက တရားဝင်အကြောင်းကြားခဲ့သည်။

တောင်ကိုရီးယားမရိန်းတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက နှစ်နိုင်ငံ မဟာမိတ်များအနေဖြင့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ပြန်လည်စတင်နိုင်ရေး ဆွေးနွေးညှိနှိုင်းနေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဩဂုတ်လလယ်တွင်လည်း ဒေါ်နယ်ထရန့်က တောင်ကိုရီးယားနှင့် နောက်ထပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို သိသိသာသာလျှော့ချရန် ပင်တဂွန်စစ်ဌာနချုပ်ကို ညွှန်ကြားခဲ့သည်။ အဆိုပါလေ့ကျင့်မှုကို သြဂုတ် ၁၇ ရက်မှ ၂၇ ရက်အထိ ပြုလုပ်ရမည်ဖြစ်သော်လည်း ဩဂုတ် ၂၁ ရက်တွင် စောပြီးအဆုံးသတ်လိုက်သည်။

ထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ၎င်း၏ဆက်ဆံရေးက အလွန်ကောင်းသည်ဟု ဆိုထားပြီး ထိုစစ်ရေးလေ့ကျင့်မှုက ကုန်ကျစရိတ်လည်းများ ၊ ၎င်းသမ္မတဖြစ်နေသရွေ့ အမေရိကန်ကို လေးစားမှုရှိသည့် နိုင်ငံတစ်နိုင်ငံအပေါ် ရန်လိုမှုလည်း ဖြစ်စေသည်ဟု ရေးသားခဲ့သည်။

Photo: AP

မူရင်းသတင်း — Eleven Media Group