
ဥရောပရှိ အမေရိကန် စစ်စခန်းများကို အီရန်က တိုက်ခိုက်မည်ဟူသော ခြိမ်းခြောက်မှုများ ထွက်ပေါ်လာပြီးနောက် ဂရိစစ်တပ်က ၎င်းတို့၏ ပတ်ထရီယော့ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဩဂုတ် ၂၄ ရက်တွင် ခရိ (Crete) ကျွန်းသို့ ရွှေ့ပြောင်းတပ်ဆင်လိုက်သည်ဟု သိရသည်။
အဆိုပါဒုံးကျည်စနစ်ကို အရှေ့ပိုင်း ကာပါသိုစ့်ကျွန်းမှ အမေရိကန်၏ အဓိကစစ်စခန်းတစ်ခု တည်ရှိရာ ခရိကျွန်းရှိ ဆူဒါဒေသသို့ ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။
သတင်းမီဒီယာများ၏ ဓာတ်ပုံဖော်ပြချက်များတွင် ထရပ်ကားပေါ်တင်ထားသော ပတ်ထရီယော့ ဒုံးကျည်စနစ်သည် ရေယာဉ်ပေါ်တင်ရန် စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။
ဟော်မုဇ်ရေလက်ကြား ပဋိပက္ခနှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စစ်ရေးအရ ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်လာပါက ဥရောပရှိ အမေရိကန် စစ်ရေးပစ်မှတ်များကို အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မည်ဟု အီရန်သတင်းအရင်းအမြစ်များကို ကိုးကား၍ Financial Times သတင်းစာက လွန်ခဲ့သောသီတင်းပတ်တွင် ဖော်ပြခဲ့သည်။
ပတ်ထရီးယော့ဒုံးကျည်ကာကွယ်ရေးစနစ် နေရာရွှေ့ပြောင်းမှုနှင့် ပတ်သက်၍ ဂရိကာကွယ်ရေးဝန်ကြီးဌာနက တစ်စုံတစ်ရာ မှတ်ချက်ပေးပြောဆိုခြင်း မရှိသေးပေ။
Photo- Reuters