
တရုတ်နိုင်ငံတွင် ဂေါ်ဖီထုပ်များ လတ်ဆတ်နေအောင် ဖော်မယ်လ်ဒီဟိုက် အသုံးပြုနေသည်ဆိုသည့် သတင်းများထွက်ပေါ်လာပြီးနောက် အာဏာပိုင်များက စစ်ဆေးအရေးယူထားကြောင်း သိရသည်။
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟဲပေပြည်နယ်တွင် ဂေါ်ဖီထုပ်များကို အရည်တစ်မျိုးထဲ နှစ်စိမ်ပြီးနောက် ကုန်တင်ကားများပေါ်သို့ တင်ဆောင်နေသည့် ဗီဒီယိုမှတ်တမ်းကို တာဝန်ရှိသူများက စစ်ဆေးအတည်ပြုနိုင်ခဲ့သည်။ ယင်းဗီဒီယိုကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘလော့ဂါတစ်ဦးက အရင်ဆုံးတင်ခဲ့ခြင်းဖြစ်သည်။
ဖော်မယ်လ်ဒီဟိုက်သည် ဇီဝနမူနာများကို ထိန်းသိမ်းရာတွင် အသုံးပြုသည့် အရောင်မဲ့ဓာတု ပစ္စည်းတစ်မျိုးဖြစ်ပြီး ကင်ဆာဖြစ်စေနိုင်ကာ ၎င်းကိုအသုံးပြုပြီး အစားအစာများ လတ်ဆတ်အောင်စီမံခြင်းကို တရုတ်နိုင်ငံတွင် တင်းကျပ်စွာ တားမြစ်ထားသည်။
တရုတ်သည် ကမ္ဘာပေါ်တွင် ဂေါ်ဖီထုပံအများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ဗီယက်နမ်၊ တောင်ကိုရီးယားနှင့် ရုရှားတို့ကို အဓိကတင်ပို့သည်။
ယခုဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ရဲတပ်ဖွဲ့က အရေးယူထားကြောင်း နိုင်ငံပိုင်မီဒီယာများက ကြေညာခဲ့ပြီး ဖော်မယ်လ်ဒီဟိုက်အသုံးပြုမှု မည်မျှအထိ ပျံ့နှံ့နေပြီကို အာဏာပိုင်များက ဆက်လက်စုံစမ်းကာ ဖော်မယ်လ်ဒီဟိုက်ထိတွေ့ထားသည့် ဂေါ်ဖီထုပ်များကို ခြေရာခံဖော်ထုတ်ရန် ကြိုးပမ်းသွားမည်ဟု သိရသည်။
ဘေဂျင်းရှိ ရှင်းဗားတိစျေးက ၎င်းတို့ဆီပို့သည့် ဂေါ်ဖီထုပ်များ၏ ဇာစ်မြစ်ကို စစ်ဆေးခဲ့ပြီး ဖော်မယ်လ်ဒီဟိုက်စိမ်ထားသည့် ဂေါ်ဖီထုပ်များ ဈေးကွက်ထဲဝင်ရောက်လာခြင်း မရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ယခုဖြစ်ရပ်ကို တရုတ်ပြည်တွင်းမီဒီယာများက အကျယ်တဝင့်ဖော်ပြနေကြသည်။
အမေရိကန်ကင်ဆာအသင်း၏ အဆိုအရ လုပ်ငန်းခွင်အချို့တွင် ဖော်မယ်လ်ဒီဟိုက် ပမာဏများစွာ ထိတွေ့မိခြင်းနှင့် ကင်ဆာအမျိုးအစားအချို့ ဖြစ်ပွားမှုတို့ ဆက်စပ်နေသည်ကို တွေ့ရှိခဲ့ပြီး ပမာဏနည်းနည်း ထိတွေ့မိခြင်း၏ အကျိုးဆက်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
Ref:BBC