
ထိုင်းနိုင်ငံ တောင်ပိုင်းပြည်နယ်သုံးခုတွင် ဩဂုတ် ၂၂ ရက်က ဗုံးခွဲမှုများ၊ ဒေသန္တရအစိုးရရုံးများ မီးရှို့ခံရမှုများ အပါအဝင် တိုက်ခိုက်မှု ၅၀ ကျော် ဖြစ်ပွားခဲ့ပြီးနောက် မလေးရှားရဲတပ်ဖွဲ့က မလေးရှား-ထိုင်းနယ်စပ်တစ်လျှောက် လုံခြုံရေးအစီအမံများကို တိုးမြှင့်လိုက်သည်။
The Star မလေးရှားသတင်းစာ ဖော်ပြချက်အရ မလေးရှားရဲတပ်ဖွဲ့က ပြည်သူများကို မတည်မငြိမ်ဖြစ်နေသည့် နေရာများနှင့် ဝေးဝေးတွင်နေကြရန်လည်း သတိပေးထားသည်။ နယ်စပ်ထိန်းချုပ်မှုများကို တိုးမြှင့်ထားသည်ဟုလည်း ဆိုသည်။
ထိုင်းနယ်စပ်ပြည်နယ်သုံးခုဖြစ်သည့် နာရာထိဝတ်၊ ပတ္တနီနှင့် ယာလာပြည်နယ်များတွင် ဖြစ်လာသည့် တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးအနူတင်က ဩဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့သည်။
ပြည်နယ်သုံးခုစလုံးတွင် လုံခြုံရေးဖြည့်တင်းထားပြီး ယာလာပြည်နယ် လုံခြုံရေးအတွက် အမြင့်ဆုံးအဆင့် အသင့်ပြင်ဆင်ထားသည်။ စစ်တပ်စခန်းများနှင့် လုံခြုံရေးအခြေစိုက်နေရာများတွင် တင်းကျပ်စွာ စောင့်ကြပ်ရန်လည်း ညွှန်ကြားထားသည်။
အာဏာပိုင်များက တရားမဝင်ကွန်ရက်များအပေါ် ဆက်တိုက်နှိမ်နင်းနေမှုကြောင့် အဆိုပါကွန်ရက်များတွင် ငွေကြေးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ပြီး ယင်းအတွက် လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဟု ထိုင်းစစ်တပ်အကြီးအကဲတစ်ဦးက ပြောသည်။