
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျောင်းသူတစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့သည့် ကျောင်းအုပ်ဆရာဟောင်းအပေါ် ချမှတ်ထားသော သေဒဏ်ကို အယူခံတရားရုံးက ဩဂုတ် ၂၄ ရက် အတည်ပြုခဲ့သည်။
၂၀၁၉ ခုနှစ်တွင် နူစရတ် ဂျာဟန် ရာဖီအမည်ရှိ ကျောင်းသူက ကျောင်းအုပ်ဆရာဟောင်းကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဖြင့် စွပ်စွဲတိုင်ကြားခဲ့ပြီးနောက် ထိုကျောင်းအုပ်ဆရာဟောင်းက ကျောင်းသူကို မီးရှို့သတ်ခဲ့ခြင်းဖြစ်ကာ ထိုအမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းကို တုန်လှုပ်သွားစေခဲ့သည်။
ထို့ပြင် တရားရုံးသည် အဆိုပါကျောင်းသူအား သတ်ဖြတ်မှုတွင် ပူးပေါင်းပါဝင်သူတစ်ဦးအား ချမှတ်ထားသည့် သေဒဏ်ကိုလည်း ဆက်လက်အတည်ပြုခဲ့ပြီး အခြားတရားခံ ၁၀ ဦးကိုမူ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့သည်။
ကျေးလက်ဒေသရှိ အစ္စလာမ်ဘာသာရေးကျောင်း အကြီးအကဲကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုဖြင့် တိုင်ကြားခဲ့ပြီးနောက် ဓာတ်ဆီလောင်းကာ မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် အဆိုပါ အသက် ၁၀ ကျော် ကျောင်းသူ၏ သေဆုံးမှုသည် ဘင်္ဂလားဒေ့ရှ်တစ်နိုင်ငံလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
နူစရတ်သည် ၎င်း၏ ခန္ဓာကိုယ် ၈၀ ရာခိုင်နှုန်းခန့် မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ၄ ရက်အကြာတွင် ဆေးရုံ၌ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ကျောင်းအုပ်ဆရာဟောင်း အက်စ်အမ် ဆီရာ့ချ်အွတ် ဒေါင်လာသည် ကြိုးမိန့် ပေးခံခဲ့ရပြီး အခြားတရားခံ ၄ ဦး၏ သေဒဏ်ကိုမူ အယူခံတရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်းသို့ လျှော့ပေါ့ပေးခဲ့သည်။
နူစရတ်၏ သေဆုံးမှုသည် တစ်နိုင်ငံလုံးတွင် ဒေါသများကို မြင့်တက်စေခဲ့ပြီး ဒါကာမြို့တော်မှ ဆန္ဒပြသူများသည် လူသတ်သမားများအား နောင်ကြဉ်အောင် သတိပေးသည့်အနေဖြင့် အမြင့်ဆုံးပြစ်ဒဏ်ပေးရန် ရက်ပေါင်းများစွာ ဆန္ဒပြခဲ့ကြသည်။
၂၀၁၉ ခုနှစ်တွင် တရားရုံးတစ်ခုက လူ ၁၆ ဦးကို သေဒဏ်ချမှတ်ခဲ့သည်။ သို့သော် တရားရုံးချုပ်က ဩုတ် ၂၄ ရက်တွင် ၁၀ ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး သေဒဏ်ချမှတ်ခံထားရသူ လေးဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းသို့ လျှော့ပေါ့ပေးခဲ့သည်။
"သူတို့ ၄ ယောက်ဟာ နူစရတ်ရဲ့ လက်နဲ့ ခြေထောက်တွေကို ကြိုးနဲ့ချည်ပြီး သေချာပေါက် သေဆုံးစေဖို့အတွက် ဓာတ်ဆီတွေ လောင်းချခဲ့ကြတာပါ" ဟု ရှေ့နေချုပ် အမ်ဒီ ရူဟူးလ် ကူဒူးစ် ကာဇာလ်က ထောင်ဒဏ်တစ်သက်တစ်ကျွန်းသို့ လျှော့ပေါ့ခံခဲ့ရသူ လေးဦး၏ လုပ်ဆောင်ချက်နှင့်ပတ်သက်ပြီး တရားရုံးတွင် ထွက်ဆိုခဲ့သည်။
Photos- Reuters