
နေပြည်တော်၊ ဩဂုတ် ၂၈
NUG ၊ CRPH အကြမ်းဖက်အဖွဲ့များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများ နှောင့်နှေးစေရန်နှင့် မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ရန်အတွက် သွေးထိုးမြှောက်ပင့်ပေးမှုများကြောင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ဒေသအချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်ကြသည့် ပြည်သူအချို့အား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည့်အပြင် အေးချမ်းစွာ တရားဘာဝနာပွားများအားထုတ်လျက်ရှိသော သံဃာတော်များကိုလည်း ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများကို ယုတ်မာရိုင်းစိုင်းစွာ ကျူးလွန်လျက်ရှိကြသည်။
ထိုသို့ အကြမ်းဖက်မှုများလုပ်ဆောင်လျက်ရှိရာ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ၃၀ ခန့်သည် ဩဂုတ် ၁၈ ရက် ညပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် မုံရွာ- ရေစကြိုကားလမ်းပေါ်၌ တည်ရှိသည့် ရွှေဒါးကျကျေးရွာရှိ ရွှေသိမ်တော်ဘုန်းကြီးကျောင်းသို့ လက်နက်များ ကိုယ်စီကိုင်ဆောင်၍ ရောက်ရှိလာပြီး လက်ထောက်ကျောင်းထိုင်ဆရာတော် အရှင်ဣန္ဒာစာရ၊ သက်တော် (၅၂) နှစ်၊ ဝါတော် (၂၂) ဝါနှင့် အဆိုပါကျေးရွာတွင် နေထိုင်သူများဖြစ်ကြသည့် ဦးမြင့်ဆွေ (၆၀) နှစ်၊ ဒေါ်နီလာထွန်း (၄၂) နှစ်၊ ဦးမျိုးနိုင် (၆၀) နှစ်၊ ဦးသဲမောင်ဆွေ (၂၄) နှစ်၊ ဦးမျိုးထွန်းအောင် (၃၈) နှစ်၊ ဦးသက်ထွေး (၂၃) နှစ် စုစုပေါင်း ခုနစ်ဦးအား လိုရာဆွဲခေါင်းစဉ်တပ်၍ မထိသာကျေးရွာဘက်သို့ အကြမ်းဖက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးထားသူ ခုနစ်ဦးအနက်မှ ဦးမျိုးထွန်းအောင်နှင့် ဦးသက်ထွေးတို့ နှစ်ဦးအား ပြန်လည်စေလွှတ်ပေးခဲ့သည်။ ဆက်လက်၍ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများသည် ဩဂုတ် ၂၄ ရက် ညပိုင်းတွင် ကျေးရွာနေပြည်သူများဖြစ်ကြသည့် ဦးမြင့်ဆွေ (၆၅) နှစ်၊ ဦးမှတ်တင် (၆၃) နှစ်နှင့် ဦးမြတ်ထွန်း (၇၀) နှစ်တို့ သုံးဦးအား ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသဖြင့် စုစုပေါင်း ဆရာတော်တစ်ပါးနှင့် အပြစ်မဲ့ဒေသခံပြည်သူ ခုနစ်ဦးတို့အား ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးသွားပြီးနောက် အကြမ်းဖက်သမားများက ဆရာတော် အရှင်ဣန္ဒာစာရအား လူမဆန်စွာဖြင့် တုတ်ဖြင့် ရိုက်နှက်ခြင်း၊ မီးစနှင့် ထိုးခြင်း၊ လက်ချောင်းနှင့် ခန္ဓာကိုယ်အချို့နေရာများတွင် ဓားဖြင့် လှီးဖြတ်ခြင်းများဖြင့် ရက်စက်စွာ အကြမ်းဖက်နှိပ်စက်မှုများကြောင့် ဆရာတော်သည် ပျံလွန်တော်မူခဲ့ရသည်။ အကြမ်းဖက်သောင်းကျန်းသူများသည် ဆရာတော်၏ ရုပ်အလောင်းအား ဩဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် မထိသာကျေးရွာအနီးသို့ လာရောက်ယူဆောင်ရန် အကြောင်းကြားလာသဖြင့် ကျေးရွာနေပြည်သူများက လူမှုကူညီရေးအသင်းမော်တော်ယာဉ်ဖြင့် သွားရောက်သယ်ဆောင်ခဲ့ပြီး ရွှေဒါးကျကျေးရွာ၌ မီးသင်္ဂြိုဟ်ပေးခဲ့ကြသည်။
အကြမ်းဖက်သမားများက ၎င်းတို့၏ အကြမ်းဖက်ဖမ်းဆီးနှိပ်စက်မှုကြောင့် ဆရာတော် ပျံလွန်တော်မူခဲ့ခြင်းအား ဖုံးကွယ်ဖြေရှင်းနိုင်ရန်အတွက် DCS ပြုလုပ်ထားသည့် ဆရာဝန်တစ်ဦး၏ အကူအညီဖြင့် ဆေးမှတ်တမ်းများ အတုပြုလုပ်ကာ မဟုတ်မမှန် လိမ်လည်ဝါဒဖြန့်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်းနှင့် အပြစ်မဲ့ဒေသခံပြည်သူ ခုနစ်ဦးကိုလည်း ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ အများပြည်သူကိုးကွယ်ယုံကြည်ရာဖြစ်သော အေးချမ်းစွာ တရားဘာဝနာပွားများအား ထုတ်လျက်ရှိသည့် ဆရာတော်အား အောက်တန်းကျစွာ ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခဲ့ကြသည့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအား ဒေသခံပြည်သူများက ရွံရှာစက်ဆုပ် မုန်းတီးလျက်ရှိကြောင်း၊ အဆိုပါ အကြမ်းဖက်လုပ်ရပ်အပေါ် လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အဆိုပါအကြမ်းဖက် သောင်းကျန်းသူများအား လိုအပ်သည့်တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရေးဒေသခံပြည်သူများနှင့် ပူးပေါင်းကာ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#News #Myanmar