
ဩဂုတ် - ၂၈ (သောကြာနေ့ )
အမေရိကန်နဲ့ ကနေဒါကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ အိမ်သာသုံးစက္ကူနဲ့ တခြားနေ့စဉ်သုံး ပစ္စည်းတွေအထိ ရိုက်ခတ်လာပြီး စက္ကူထုတ်ကုန်တွေပေါ် အခွန်တိုးကောက်လိုက်တာကြောင့် အမေရိကန်ပြည်သူတွေ အတွက် ဈေးနှုန်းတွေ မြင့်တက်လာနိုင်တဲ့ အခြေအနေ ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့အပတ် သောကြာနေ့က အိမ်နီးချင်း နှစ်နိုင်ငံကြား ပြုလုပ်ခဲ့တဲ့ ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ ပျက်ပြား သွားခဲ့ရပါတယ်။ နှစ်ဖက်စလုံးက အဆိုပြုထားတဲ့ ဘက်စုံသဘောတူညီချက်အပေါ် နောက်ဆုံးမိနစ်မှ ပြင်ဆင်မှုတွေ အပြိုင်အဆိုင် လုပ်ခဲ့ကြတယ်ဆိုပြီး တစ်ယောက်ကိုတစ်ယောက် စွပ်စွဲခဲ့ကြတာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဝိုင်၊ ဘိလပ်မြေ ၊ အထပ်သားနဲ့ အဝတ်အထည်တွေ အပါအဝင် ဒေါ်လာ ဘီလီယံ ၂၀ ဖိုးရှိတဲ့ ကနေဒါ သွင်းကုန်တွေအပေါ် ၅၀ ရာခိုင်နှုန်း အခွန် စတင်ကောက်ခံခဲ့ပါတယ်။ ကနေဒါ ဝန်ကြီးချုပ် မာ့ခ် ကာနီကလည်း လျှော့မပေးဘဲ "ဒေါ်လာအတွက် ဒေါ်လာနဲ့ပဲ တုံ့ပြန်မယ်" လို့ ကြွေးကြော်ခဲ့ပြီး၊ အင်္ဂါနေ့မှာ အမေရိကန် ထုတ်ကုန် ပစ္စည်း ၇၀၀ နီးပါးပေါ် ၅၀ ရာခိုင်နှုန်းအထိ အခွန်တိုးကောက်သွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အခွန်တိုးမြှင့်ခံရတဲ့အထဲမှာ စက္ကူထုတ်ကုန်တွေက အထိနာဆုံး ဖြစ်ခဲ့ပါတယ်။ ကနေဒါဘက်က အိမ်သာသုံး စက္ကူနဲ့ မျက်နှာသုတ်စက္ကူတွေကို ၂၅ ရာခိုင်နှုန်း၊ စက္ကူလက်သုတ်ပဝါနဲ့ လက်သုတ်ပဝါတွေကိုတော့ ၅၀ ရာခိုင်နှုန်း အခွန်ကောက်ခံဖို့ ပစ်မှတ်ထားခဲ့တာပါ။ ဒါ့အပြင် အဲဒီပစ္စည်းတွေ ထုတ်လုပ်ရာမှာ သုံးတဲ့ ဓာတုသစ်သားပျော့ဖတ်တွေ အပေါ်မှာလည်း ၅၀ ရာခိုင်နှုန်း အခွန်ကောက်ခံသွားမှာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံတကာ ကုန်သွယ်ရေး ကော်မရှင်ရဲ့ ၂၀၂၅ ခုနှစ် ဒေတာအချက်အလက်တွေအရ ကနေဒါကို အမေရိကန်က အိမ်သာသုံးစက္ကူ တင်သွင်းမှု အဓိကနိုင်ငံဖြစ်ပြီး တင်သွင်းမှု စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံခန့် (ဒေါ်လာ ၃၈၃.၄ သန်းဖိုး) ထိ တင်ပို့နေတာပါ။ မက္ကဆီကိုနိုင်ငံကတော့ ဒေါ်လာ ၆၃ သန်းဖိုးနဲ့ ဒုတိယနေရာမှာရှိပါတယ်။
ဒါ့အပြင် ကနေဒါဟာ အမေရိကန်ထံ သစ်သားပျော့ဖတ် တင်ပို့တဲ့ အဓိက ပြည်ပနိုင်ငံလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အိမ်သာသုံးစက္ကူနဲ့ စက္ကူလက်သုတ်ပဝါ ထုတ်လုပ်ရာမှာ မရှိမဖြစ် လိုအပ်တဲ့ မြောက်ပိုင်း အရောင်ချွတ် သစ်သားပျော့ဖတ်တွေကို အဓိက တင်ပို့နေတာပါ။ ကနေဒါနိုင်ငံကလာတဲ့ သစ်သားပျော့ဖတ်ဟာ အမေရိကန် အိမ်သာသုံးစက္ကူ ထုတ်လုပ်မှုရဲ့ ၃၀ ရာခိုင်နှုန်းနဲ့ စက္ကူလက်သုတ်ပဝါ ထုတ်လုပ်မှုရဲ့ ၅၀ ရာခိုင်နှုန်းခန့်အထိ ရှိပါတယ်။
အိမ်သာသုံးစက္ကူတင်မကဘဲ တခြားပစ္စည်း အမြောက်အမြားဟာလည်း ဒီကုန်သွယ်ရေးစစ်ပွဲရဲ့ ရိုက်ခတ်မှုကို ခံနေရတာ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံရဲ့ တုံ့ပြန် အခွန်တိုးကောက်မှုတွေဟာ ဝါရှင်တန်က ပစ်မှတ်ထားတဲ့ ပစ္စည်း တော်တော်များများကို ပြန်လည်တုံ့ပြန်ထားတာ ဖြစ်ပြီး အဆင့်မြင့် အခွန်နှုန်းထားတွေဟာ ငါး၊ ဒိန်ခဲ၊ အဝတ်အထည်နဲ့ အလှကုန်ပစ္စည်းတွေကနေ သံမဏိနဲ့ အလူမီနီယမ် ထုတ်ကုန်တွေ၊ မော်တော်ဆိုင်ကယ်တွေ၊ စမတ်ဖုန်းတွေနဲ့ လေ့ကျင့်ခန်းသုံး ပစ္စည်းတွေအထိ အားလုံးပါဝင်နေပါတယ်။
REF: RT
#News #Myanmar