Eleven Media Group

တရုတ်နိုင်ငံမှ အဆိုပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) ၏ အနာဂတ်အနှစ်သာရနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်ပေးသောလမ်းစများ

ကမ္ဘာကြီးသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပိုမိုနီးကပ်စွာ ချိတ်ဆက်နေသည့် ကမ္ဘာ့အသိုက်အဝန်း တစ်ရပ်အဖြစ်သို့ ရောက်ရှိလာပြီဖြစ်သည်။ စီးပွားရေး၊ ကုန်သွယ်ရေး၊ နည်းပညာ၊ လုံခြုံရေး၊ ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်၊ အစားအစာ၊ ကျန်းမာရေးနှင့် ဉာဏ်ရည်တုကဲ့သို့သော နယ်ပယ်များသည် နိုင်ငံတစ်နိုင်ငံတည်း၏ နယ်နိမိတ်အတွင်း ဖြေရှင်းနိုင်သည့် ပြဿနာများ မဟုတ်တော့ပေ။ နိုင်ငံတစ်နိုင်ငံ၏ ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်များသည် အခြားနိုင်ငံများအပေါ်ပါ သက်ရောက်မှု ရှိလာသည့်အတွက် ကမ္ဘာ့အရေးကိစ္စများကို အားလုံးပူးပေါင်း၍ ဆွေးနွေးညှိနှိုင်းဖြေရှင်းနိုင်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်၏ အရေးပါမှုသည် ပိုမိုမြင့်တက်လာသည်။

ဤသို့သော အခြေအနေတွင် တရုတ်နိုင်ငံက အဆိုပြုခဲ့သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (Global Governance Initiative-GGI) သည် ယနေ့နိုင်ငံတကာအသိုက်အဝန်းအတွင်း အာရုံစိုက် လေ့လာဆွေးနွေးစရာ အယူအဆတစ်ရပ် ဖြစ်လာသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်တွင် တီယန်ကျင်း၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) Plus အစည်းအဝေး၌ GGI ကို စတင်အဆိုပြုခဲ့ခြင်းဖြစ်သည်။ ထိုအဆိုပြုချက်သည် ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် တစ်နှစ်ပြည့်ကာလသို့ ရောက်ရှိလာမည်ဖြစ်ပြီး၊ ထိုကာလအတွင်း အယူအဆ တစ်ရပ်အဖြစ်သာမက နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးမှုများတွင်ပါ တဖြည်းဖြည်း ပိုမိုထင်ရှားလာခဲ့သည်။

ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) ကို ယနေ့အချိန်တွင် ပြန်လည်လေ့လာကြည့်မည်ဆိုလျှင် အဆိုပြုချက်၏ အဓိကမူများကို နားလည်ရန်သာမက လွန်ခဲ့သည့် တစ်နှစ်တာကာလအတွင်း နိုင်ငံတကာအသိုက်အဝန်း၏ တုံ့ပြန်မှုများ၊ ထောက်ခံမှုများနှင့် မတူညီသော သုံးသပ်ချက်များကိုပါ စုစည်းကြည့်ရှုရန် လိုအပ်မည်ဖြစ်သည်။

■ တစ်နှစ်ပြည့်ကာလသို့ ရောက်ရှိလာသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI)

၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) ကို တင်ပြခဲ့ချိန်သည် ကုလသမဂ္ဂတည်ထောင်ခြင်း ၈၀ ပြည့်နှစ်နှင့်လည်း တိုက်ဆိုင်နေသည်။ တရုတ်နိုင်ငံ၏ အဆိုပြုချက်အရ ယနေ့ကမ္ဘာကြီးသည် နိုင်ငံတကာစနစ်၏ စိန်ခေါ်မှုများ၊ ဘက်ပေါင်းစုံဝါဒအပေါ် ဖိအားများနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကွာဟချက်များကို ရင်ဆိုင်နေရပြီး ယင်းအခြေအနေတွင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို ပြုပြင်မွမ်းမံရန် လိုအပ်လာခြင်းဖြစ်သည်။ GGI Concept Paper တွင်လည်း ကုလသမဂ္ဂဗဟိုပြု နိုင်ငံတကာစနစ်နှင့် နိုင်ငံတကာဥပဒေအခြေပြု နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို အခြေခံ အုတ်မြစ်အဖြစ် အလေးထားဖော်ပြထားသည်ကို တွေ့ရသည်။

တစ်နှစ်တာကာလအတွင်း ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) သည် အယူအဆဆိုင်ရာ ဆွေးနွေးမှုများမှ လက်တွေ့နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးမှုများအထိ တဖြည်းဖြည်း ကျယ်ပြန့်လာသည်။ တရုတ်အစိုးရ၏ ၂၀၂၆ ခုနှစ် ဇွန်လထုတ် “More Just and Equitable Global Governance: China’s Principles, Proposals and Actions” စက္ကူဖြူစာတမ်းတွင် GGI အဆိုပြုချက်သည် စတင်တင်ပြပြီးနောက် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၆၀ နီးပါးထံမှ ထောက်ခံမှုရရှိခဲ့ကြောင်းနှင့် နိုင်ငံ ၆၀ ကျော်သည် Group of Friends of Global Governance တွင် ပါဝင်လာကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့်လည်း GGI ကို GDI၊ GSI နှင့် GCI တို့အပြီး ထပ်မံတင်ပြသည့် အရေးပါသော ကမ္ဘာလုံးဆိုင်ရာ အစီအမံတစ်ရပ်အဖြစ် သတ်မှတ်ထားသည်။ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) သည် ဖွံ့ဖြိုးတိုးတက်မှုကို၊ GSI သည် လုံခြုံရေးကို၊ GCI သည် ယဉ်ကျေးမှုများအကြား နားလည်မှုနှင့် ဖလှယ်မှုကို အလေးထားသည့်အချိန်တွင် GGI သည် ထိုကဏ္ဍများအပါအဝင် ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စများကို မည်သို့ စီမံခန့်ခွဲမည်၊ မည်သို့ ပူးပေါင်းဖြေရှင်းမည်ဆိုသည့် မူဘောင်ကို အာရုံစိုက်ထားသည်။

■ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) ၏ အနှစ်သာရ

ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ(GGI) ဆိုသည်မှာ ကမ္ဘာ့အစိုးရတစ်ရပ် တည်ထောင်ခြင်းကို ဆိုလိုခြင်း မဟုတ်ပေ။ နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအကြား ဘုံစိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းနိုင်ရန် စည်းမျဉ်းများ၊ အဖွဲ့အစည်းများ၊ ဆွေးနွေးညှိနှိုင်းမှုများနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို ဖော်ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ အရည်အသွေးကို အင်အားကြီးနိုင်ငံများ၏ ဆုံးဖြတ်ချက်ဖြင့်သာ တိုင်းတာ၍မရဘဲ နိုင်ငံအသီးသီး၏ ပါဝင်ခွင့်၊ တန်းတူညီမျှမှု၊ နိုင်ငံတကာဥပဒေကို လေးစားမှုနှင့် လက်တွေ့ပြဿနာများကို ဖြေရှင်းပေးနိုင်မှုတို့ဖြင့် တိုင်းတာရန် လိုအပ်သည်။

တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) အဆိုပြုချက်တွင် အထူးအလေးထားထားသည့် အချက်မှာ “အတူ ဆွေးနွေးခြင်း၊ အတူတည်ဆောက်ခြင်း၊ အတူမျှဝေခံစားခြင်း” ဟူသော အယူအဆဖြစ်သည်။ ယင်းအယူအဆသည် ကမ္ဘာ့အရေးကိစ္စများကို နိုင်ငံအနည်းငယ်က ဆုံးဖြတ်ခြင်းထက် သက်ဆိုင်ရာ နိုင်ငံများအားလုံး ပါဝင်ဆွေးနွေးပြီး သဘောတူညီမှုရရှိအောင် ကြိုးပမ်းသည့် နည်းလမ်းကို အလေးထားခြင်းဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) ၏ အခြေခံမူကြီးငါးရပ်မှာ အချုပ်အခြာအာဏာ တန်းတူညီမျှမှုကို လိုက်နာခြင်း၊ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို လိုက်နာခြင်း၊ နိုင်ငံစုံဝါဒကို ကျင့်သုံးခြင်း၊ လူသားဗဟိုပြုမှုကို အလေးထားခြင်းနှင့် လက်တွေ့လုပ်ဆောင်မှုနှင့် ထိရောက်သောရလဒ်ကို အလေးထားခြင်း တို့ဖြစ်သည်။

■ ထိရောက်သောရလဒ်များနှင့် နိုင်ငံတကာအမြင်

ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ(GGI) ကို စတင်အဆိုပြုပြီးနောက် နိုင်ငံတကာတုံ့ပြန်မှုများကို လေ့လာကြည့်လျှင် တစ်သဘောတည်း မဟုတ်ဘဲ အပြုသဘောထောက်ခံမှု၊ စိတ်ဝင်စားမှုနှင့် မေးခွန်းထုတ်သုံးသပ်မှု တို့ကို တွေ့ရမည်ဖြစ်သည်။

အာဖရိကမှ ကျွမ်းကျင်သူအချို့က GGI သည် လက်ရှိကမ္ဘာ့စနစ်ကို လုံးဝဖျက်သိမ်းရန် ကြိုးပမ်းခြင်းထက် ပိုမိုမျှတပြီး ပါဝင်နိုင်သည့် စနစ်ဖြစ်အောင် ပြန်လည်အားကောင်းစေရန် ရည်ရွယ်သည့် အဆိုပြုချက်အဖြစ် မြင်ကြသည်။ Nairobi အခြေစိုက် South-South Dialogues ၏ Stephen Ndegwa က GGI သည် ရှိပြီးသားစနစ်ကို ပြန်လည်အသက်ဝင်စေရန်နှင့် ၂၁ ရာစုအခြေအနေများနှင့် ပိုမိုကိုက်ညီစေရန် ရည်ရွယ်သည့် အမြင်ရှိကြောင်း သုံးသပ်ခဲ့သည်။

မွန်ဂိုလီးယားမှ မီဒီယာလုပ်ငန်းရှင် Undral Amarsaikhan ကလည်း အချုပ်အခြာအာဏာ တန်းတူညီမျှမှု၊ နိုင်ငံစုံဝါဒနှင့် နိုင်ငံတကာဥပဒေကို လေးစားမှုတို့သည် နိုင်ငံငယ်များအတွက် အထူးအရေးပါကြောင်း သုံးသပ်ခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကလည်း GGI ကို တုံ့ပြန်ရာတွင် ရုရှားနိုင်ငံအနေဖြင့် အဆိုပြုချက်ကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်သည် နိုင်ငံများ၏ ကျယ်ပြန့်သည့် အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားနိုင်သည့် ပိုမိုမျှတသော စနစ်ဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၂၀၂၅ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ကလည်း တန်းတူညီမျှမှုနှင့် နိုင်ငံစုံဝါဒ၏ အရေးပါမှုကို အလေးထားပြောကြားခဲ့သည်။

ယင်းသုံးသပ်ချက်များကို စုစည်းကြည့်လျှင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) ကို ထောက်ခံသူများအတွက် အဓိက စိတ်ဝင်စားစရာမှာ တရုတ်နိုင်ငံကို အင်အားကြီးနိုင်ငံအဖြစ် ထောက်ခံသည့်အခန်းကဏ္ဍထက် ကမ္ဘာ့ စီမံခန့်ခွဲမှုတွင် နိုင်ငံများအားလုံး ပိုမိုပါဝင်နိုင်ရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများ၏ အသံ ပိုမို ထင်ဟပ်ရန်နှင့် နိုင်ငံစုံဝါဒကို ပြန်လည်အားကောင်းစေရန် ထောက်ခံသည်ဆိုသည့် အချက်များ တွေ့ရမည် ဖြစ်သည်။

ထို့ပြင် ယနေ့ကမ္ဘာ့စီမံခန့်ခွဲမှု၏ ထူးခြားချက်တစ်ရပ်မှာ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၏ အရှိန်အဟုန် ဖြစ်သည်။ ဉာဏ်ရည်တုနည်းပညာ၊ ဆိုက်ဘာနယ်ပယ်၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အချက်အလက် များသည် နိုင်ငံတကာစီးပွားရေးနှင့် လူမှုဘဝများကို ပြောင်းလဲနေသည်။ ဉာဏ်ရည်တုသည် လူသားတို့၏ ထုတ်လုပ်မှုစွမ်းအားကို မြှင့်တင်နိုင်သော်လည်း အချက်အလက် လုံခြုံရေး၊ ကိုယ်ရေးကိုယ်တာ၊ အလုပ်အကိုင်ပြောင်းလဲမှုနှင့် နည်းပညာအကျိုးကျေးဇူး မညီမျှစွာ ရရှိမှုတို့ကဲ့သို့သော စိန်ခေါ်မှုများကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ဉာဏ်ရည်တုနည်းပညာကို နိုင်ငံတစ်နိုင်ငံတည်း၏ စည်းမျဉ်းဖြင့် ထိန်းချုပ်ရန်ထက် နိုင်ငံတကာအဆင့် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်လာသည်။

တရုတ်နိုင်ငံ၏ ၂၀၂၆ ခုနှစ် စက္ကူဖြူစာတမ်းတွင်လည်း နိုင်ငံတကာဘဏ္ဍာရေး၊ ဉာဏ်ရည်တု၊ ဆိုက်ဘာနယ်ပယ်၊ ရာသီဥတုပြောင်းလဲမှု၊ ကုန်သွယ်ရေးနှင့် အာကာသကဲ့သို့သော နယ်ပယ်များတွင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကွာဟချက်များကို ဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း ဖော်ပြထားသည်။ ဤအခြေအနေတွင် GGI ၏ အရေးပါမှုသည် နည်းပညာအသစ်များကို တားဆီးရန် မဟုတ်ဘဲ နည်းပညာဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးကျေးဇူးများကို လူသားများအား မျှတစွာ ရရှိစေရန်နှင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် စီမံခန့်ခွဲနိုင်ရန် ဖြစ်လာသည်။

အလားတူ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကောင်းမွန်ခြင်းသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် ယုံကြည်စိတ်ချရသော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးနိုင်သည်။ နိုင်ငံတကာကုန်သွယ်ရေးတွင် စည်းမျဉ်းများ ရှင်းလင်းမှုရှိခြင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် ယုံကြည်စိတ်ချရမှုရှိခြင်းနှင့် အငြင်းပွားမှုများကို ဆွေးနွေးညှိနှိုင်းဖြေရှင်းနိုင်ခြင်း တို့သည် ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုအတွက် အရေးပါသည်။

■ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် GGI မှ ဖော်ဆောင်ပေးသော လမ်းစများ

ဆက်လက်၍ မြန်မာနိုင်ငံအတွက် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) ကို မည်သို့အသုံးချနိုင်မည်နည်းဟု မေးလာလျှင် မြန်မာနိုင်ငံအနေဖြင့် အခြေခံအဆောက်အအုံ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍများတွင် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုများမှ အကျိုးကျေးဇူးများ ရရှိနိုင်သည်။ သို့သော် ပူးပေါင်းဆောင်ရွက်မှုသည် အပြန်အလှန် အကျိုးရှိပြီး ရေရှည်တည်တံ့ရန်၊ ပြည်တွင်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်နှင့် ဒေသခံပြည်သူများထံ အကျိုးကျေးဇူးများ ရောက်ရှိရန် အရေးကြီးသည်။

မြန်မာနိုင်ငံအနေဖြင့်အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတွင် သဘာဝအရင်းအမြစ်များထက် လူ့စွမ်းအား အရင်းအမြစ်နှင့် နည်းပညာစွမ်းရည်သည် ပိုမိုအရေးကြီးလာမည်ဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများ ပူးပေါင်း၍ နည်းပညာပညာရေး၊ အသက်မွေးဝမ်းကျောင်းပညာ၊ ဒစ်ဂျစ်တယ် ကျွမ်းကျင်မှုနှင့် သုတေသနစွမ်းရည်များ မြှင့်တင်ပေးနိုင်ပါက မြန်မာနိုင်ငံ၏ ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်နိုင်မည်ဖြစ်သည်။

ထို့ပြင်မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ပထဝီဝင်အရ နီးကပ်သည့်အပြင် အရှေ့တောင်အာရှနှင့် တောင်အာရှအကြား ဆက်သွယ်နိုင်သည့် နေရာတွင် တည်ရှိသည်။ ထို့ကြောင့် ဒေသတွင်းချိတ်ဆက်မှု၊ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို အကျိုးရှိစွာ အသုံးချနိုင်ခြင်းသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်လာနိုင်သည်။ သို့သော် ချိတ်ဆက်မှုသည် လမ်း၊ တံတားနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ခြင်းတစ်ခုတည်းဖြင့် မရပေ။ ကုန်သွယ်ရေး လွယ်ကူချောမွေ့မှု၊ ဒစ်ဂျစ်တယ်ချိတ်ဆက်မှု၊ ဒေသခံစီးပွားရေးလုပ်ငန်းများ ပါဝင်နိုင်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့နှင့် တွဲဖက်စဉ်းစားမှသာ အကျိုးအမြတ်များကို ပိုမိုကျယ်ပြန့်စွာ ခံစားနိုင်မည်ဖြစ်သည်။

အလားတူမြန်မာနိုင်ငံအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုကို ရင်းနှီးမြှုပ်နှံမှုတန်ဖိုး သို့မဟုတ် အခြေခံအဆောက်အအုံအရေအတွက်ဖြင့်သာ တိုင်းတာမည့်အစား ပြည်သူများ၏ လူနေမှု ဘဝအပေါ် မည်မျှအကျိုးသက်ရောက်မှုရှိသည်ကိုပါ တိုင်းတာရန် လိုအပ်သည်။ အလုပ်အကိုင်ဖန်တီးမှု၊ ဒေသခံဝင်ငွေတိုးတက်မှု၊ ပညာရေးနှင့် နည်းပညာကျွမ်းကျင်မှု မြှင့်တင်ရေး၊ ကျန်းမာရေးနှင့် လူမှုဘဝကောင်းမွန်ရေး တို့သည် ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကရလဒ်များ ဖြစ်သင့်သည်။

အထူးသဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုသည် နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်တွင်သာ မကန့်သတ်ဘဲ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အဖြစ် ရှေ့ဆက်နိုင်သည်။ ထိုမှတစ်ဆင့် နိုင်ငံရေးရာစီမံခန့်ခွဲမှု အတွေ့အကြုံများ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒအတွေ့အကြုံများ၊ နည်းပညာနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးတို့တွင် အပြန်အလှန် လေ့လာမှုများ တိုးမြှင့်နိုင်သည်။ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်၊ အခြေခံအဆောက်အအုံ၊ ကုန်သွယ်ရေးနှင့် ဒေသတွင်းချိတ်ဆက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို ပြည်သူဗဟိုပြု၍ ရေရှည်တည်တံ့အောင် ဖော်ဆောင်နိုင်ပါက နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အကျိုးရှိသော အင်အားတစ်ရပ် ဖြစ်လာနိုင်သည်။

အချုပ်အားဖြင့်ဆိုရလျှင်တရုတ်နိုင်ငံက အဆိုပြုခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံသည် ယနေ့ကမ္ဘာကြီး ရင်ဆိုင်နေရသော ရှုပ်ထွေးသည့် အခြေအနေများအတွင်း တန်းတူညီမျှမှု၊ နိုင်ငံစုံဝါဒ၊ နိုင်ငံတကာဥပဒေ၊ လူသားဗဟိုပြုမှုနှင့် လက်တွေ့လုပ်ဆောင်မှုတို့၏ အရေးပါမှုကို ပြန်လည်အာရုံစိုက်စေသည့် အယူအဆတစ်ရပ်ဖြစ်လာသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် စတင်အဆိုပြုခဲ့ပြီး တစ်နှစ်ပြည့်ကာလသို့ ရောက်ရှိလာသည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ (GGI) သည် တရုတ်နိုင်ငံ၏ အဆိုပြုချက်တစ်ရပ်အဖြစ်သာမက မြန်မာနိုင်ငံအပါအဝင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ အနာဂတ်နှင့်ပတ်သက်၍ နိုင်ငံတကာ အသိုက်အဝန်းအတွင်း ဆွေးနွေးမှုများကို ဖြစ်ပေါ်စေသည့် အယူအဆ တစ်ရပ်အဖြစ် ထင်ရှားလာပြီဖြစ်လာသလို GGI ၏ ရေရှည်အောင်မြင်မှုသည် အယူအဆနှင့် နိုင်ငံတကာထောက်ခံမှုထက် လက်တွေ့ အကောင်အထည် ဖော်နိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် နိုင်ငံများအကြား ယုံကြည်မှု တည်ဆောက်နိုင်မှုတို့အပေါ် မူတည်မည်ဖြစ်သည်။

ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ(GGI) ၏ တစ်နှစ်တာခရီးသည် အစပြုခြင်းသာ ဖြစ်ပြီး အနာဂတ်အတွက် အမှန်တကယ်စိန်ခေါ်မှုမှာ အယူအဆများကို လက်တွေ့လုပ်ဆောင်မှုများအဖြစ် ပြောင်းလဲနိုင်ခြင်းပင် ဖြစ်သည်။ နိုင်ငံအသီးသီးသည် မိမိတို့၏ ကွဲပြားမှုများကို လေးစားရင်း တန်းတူညီမျှစွာ ဆွေးနွေးတိုင်ပင်ခြင်း၊ အတူတကွ တည်ဆောက်ခြင်းနှင့် အကျိုးကျေးဇူးများကို မျှဝေခံစားခြင်းတို့ကို အခြေခံ၍ ပူးပေါင်းဆောင်ရွက်နိုင်ပါက ပိုမိုမျှတ၊ ငြိမ်းချမ်း၊ လုံခြုံပြီး ရေရှည်တည်တံ့သော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။

မူရင်းသတင်း — Eleven Media Group