Myanmar National Post

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ထိုင်းနိုင်ငံ သံအမတ်ကြီး သံအမတ်ခန့်အပ်လွှာ ပေးအပ်


နေပြည်တော်၊ ဩဂုတ် ၂၈

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှအပ်ခြင်းခံရသော ထိုင်းနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည့် H.E. Mr. Tor Saralamba က ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။

သံအမတ်ခန့်အပ်လွှာ မပေးအပ်မီ ထိုင်းနိုင်ငံသံအမတ်ကြီးသည် ဂုဏ်ပြုဆောင်ခန်းမကြီးသို့ ရောက်ရှိကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ထိုင်းနိုင်ငံအလံတို့အား အလေးပြုခဲ့ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့သည်။ ထိုနောက် ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများကို တီးမှုတ်ဂုဏ်ပြုခဲ့သည်။

ထိုနောက် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ကုန်သွယ်ရေး၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ နှစ်နိုင်ငံအကြား နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြပြီး သံအမတ်ကြီးသည် နိုင်ငံတော်သမ္မတ ဧည့်ခန်းမဆောင်တော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post