

နေပြည်တော်၊ ဩဂုတ် ၂၈
နိုင်ငံဖြတ်ကျော်မူးယစ်ဆေးဝါးမှုခင်းများ စုံစမ်းစစ်ဆေးခြင်းဆိုင်ရာ ဒေသတွင်းအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့ မနက် ၀၉၀၀ အချိန်တွင် မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့(CCDAC)နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)တို့ ပူးတွဲအိမ်ရှင်အဖြစ် ရန်ကုန်မြို့၊ Chatrium Hotel ၌ ကျင်းပခဲ့ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် သန့်လွင်မောင် မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် မူးယစ်ဂိုဏ်းခေါင်းဆောင်များကို ဖမ်းဆီးရန်အခက်အခဲရှိပြီး သက်သေအထောက်အထား စုဆောင်းရာတွင်လည်း အခက်အခဲရှိကြောင်း၊ သံသယရှိသူတွေကို နယ်စပ်ဖြတ်ကျော်လွှဲပြောင်းရာတွင် ကြီးမားတဲ့အခက်အခဲရှိကြောင်း၊ ဒါကြောင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မဖြစ်မနေ ဦးစားပေးဆောင်ရွက်သင့်ပါကြောင်း ပြောဆိုသွားသည်။
မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ ရဲမှူးချုပ် သန့်လွင်မောင် က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ဒေသတွင်းမူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုအခြေအနေသည် လျင်မြန်စွာပြောင်းလဲ ဖြစ်ပေါ်လျက်ရှိကြောင်း၊ နေရာတစ်ခုတည်းတွင် မူးယစ်ဆေးဝါးများကို ထုတ်လုပ်၍ နိုင်ငံအများစုသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ရရှိလာသော ငွေကြေးအမြတ်အစွန်းများကို သီးခြားတရားစီရင်ပိုင်ခွင့်ရှိသော နိုင်ငံများတွင် သိုဝှက်ထိန်းသိမ်းထားကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်သော အဖွဲ့များသည် တစ်ခုနှင့် တစ်ခုကွန်ရက် ချိတ်ဆက်ဆောင်ရွက်နေပြီး နည်းပညာများလည်း ပိုမိုဆန်းသစ်စွာ အသုံးပြုလာသည်ကို တွေ့ရှိရကြောင်း၊ သီပေါမြို့နှင့် မိုင်းရယ်တွင် ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်များအရ နယ်စပ်ဖြတ်ကျော် မူးယစ်ဂိုဏ်းအဖွဲ့များသည် ထိန်းချုပ်ဓာတုပစ္စည်းစာရင်းတွင် မပါဝင်သော ဓာတုပစ္စည်းအသစ်များကို ပြောင်းလဲအသုံးပြုလာကြပြီး စုံစမ်းစစ်ဆေးမှုမှ ရှောင်ရှားနိုင်ရန်အတွက် ၎င်းတို့၏ ဓာတုဗေဒဖော်မြူလာတွေကို ပြုပြင်ပြောင်းလဲလာကြောင်း။
နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားဓာတုဗေဒပညာရှင်များကိုလည်း ငှားရမ်းအသုံးပြုလာကြကြောင်း၊ ထိန်းချုပ်ဓာတုစာရင်းတွင် မပါဝင်သေးသည့် အစားထိုးဓာတုပစ္စည်းအသစ်တွေ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်တည်း သတင်းအချက်အလက်များ ချိတ်ဆက်မျှဝေပေးစေလိုကြောင်း၊ ဓာတုပညာရှင်များကိုဖော်ထုတ်နိုင်ရန် နယ်စပ်ဝင်ပေါက်တွေမှာ ပူးတွဲစောင့်ကြည့်စစ်ဆေးရေးကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို တစ်နိုင်ငံတည်းဖြေရှင်း၍ မရနိုင်ကြောင်း၊ မူးယစ်ဂိုဏ်းခေါင်းဆောင်များကို ဖမ်းဆီးရန်အခက်အခဲရှိပြီး သက်သေအထောက်အထား စုဆောင်းရာတွင်လည်း အခက်အခဲရှိကြောင်း၊ သံသယရှိသူတွေကို နယ်စပ်ဖြတ်ကျော်လွှဲပြောင်းရာတွင် ကြီးမားတဲ့အခက်အခဲရှိကြောင်း၊ ဒါကြောင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မဖြစ်မနေ ဦးစားပေးဆောင်ရွက်သင့်ပါကြောင်း၊
သတင်းထောက်လှမ်းစုံစမ်းခြင်း၊ သက်သေခံအထောက်အထားဖလှယ်ခြင်း၊ တရားခံ လွှဲပြောင်းပေးခြင်းတွေမှာ နိုင်ငံတစ်နိုင်ငံချင်းစီအလိုက် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်း စည်းကမ်းထိန်းချုပ်မှု အခြေအနေ အမျိုးမျိုးကွဲပြားသည့် လုပ်ငန်းစဉ်များကြောင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်ရာတွင် လွယ်ကူမှုမရှိပါကြောင်း၊ တရားဥပဒေနှင့် စုံစမ်းစစ်ဆေးရေးစနစ်တွေအပေါ်မှာ သတင်းအချက်အလက် ပေးပို့ချိတ်ဆက်မှုများ နှောင့်နှေးကြန့်ကြာမှု၊ မရှင်းလင်းသော လုပ်ထုံးလုပ်နည်းများ၊ ပြည့်စုံမှုမရှိသော စာရွက်စာတမ်းအထောက်အထားများနှင့် အဆင့်ဆင့်သော ဆက်သွယ်ရေးလုပ်ငန်းစဉ် အခက်အခဲများကြောင့် ပြစ်မှုကျူးလွန်သူတွေကို တရားဥပဒေ၏ အပြစ်ပေးအရေးယူမှုမှ လွတ်မြောက်စေနိုင်ပါကြောင်း၊
ဒါ့ကြောင့် ယခုဆွေးနွေးပွဲတွင် မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များ၊ တရားခံ လွှဲပြောင်းရေးဆိုင်ရာ ကိစ္စရပ်များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးမျှဝေသွားကြမည်ဖြစ်ကြောင်းနှင့် ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်များကို ကြန့်ကြာစေသည့် အဟန့်အတားများအား ဖော်ထုတ်ပြီး ၎င်းတို့ကို ကျော်လွှားနိုင်မည့် လက်တွေ့ကျသောနည်းလမ်းများကို ရှာဖွေနိုင်ရန်အတွက် နိုင်ငံများစုပေါင်း၍ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ရာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မပြုံး ဦးဆောင်သော ကိုယ်စားလှယ် ၈ ဦး၊ မဲခေါင်အဖွဲ့ဝင်နိုင်ငံများ၊ UNODC တို့မှ ကိုယ်စားလှယ် ၄၂ ဦးနှင့် မိတ်ဖက်အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ကိုယ်စားလှယ် ၈ ဦး၊ စုစုပေါင်းကိုယ်စားလှယ် ၅၈ ဦးတက်ရောက်၍ နိုင်ငံဖြတ်ကျော်မူးယစ်ဆေးဝါးအမှုများတွင် ကြုံတွေ့ရ လေ့ရှိသည့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စိန်ခေါ်မှုများ၊ နိုင်ငံအလိုက်ဆွေးနွေး တင်ပြခြင်းများ၊ သက်သေ အထောက်အထားနှင့် သတင်းအချက်အလက်ဖလှယ်မှု၊ စာရွက်စာတမ်းနှင့် ဘာသာစကားဆိုင်ရာ လိုအပ်ချက်များ၊ တရားခံ လွှဲပြောင်းပေးခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း၊ နယ်စပ်ဒေသ၌ တရားခံလွှဲပြောင်း/ လက်ခံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းတို့အား ဆွေးနွေးခဲ့ကြောင်း သိရသည်။
#News #Myanmar