Eleven Media Group

လိင်တူအချင်းချင်းချစ်ကြိုက်သည့် BL(Boys’ Love)၊ GL(Girls’ Love) စာအုပ်များ ပုံနှိပ်သူ၊ ထုတ်ဝေသူ၊ ရောင်းချနေသည့် တရားမဝင်စာအုပ်အရောင်းဆိုင်များနှင့် Facebook Page များကို အရေးယူမည်

လိင်တူအချင်းချင်းချစ်ကြိုက်သည့် BL(Boys’ Love)၊ GL(Girls’ Love) စာအုပ်များ ပုံနှိပ်သူ၊ ထုတ်ဝေသူ၊ ရောင်းချနေသည့် တရားမဝင်စာအုပ်အရောင်းဆိုင်များနှင့် Facebook Page များကို အရေးယူမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက် လျက်ရှိရာတွင် အောက်ဖော်ပြပါ Facebook Page ကိုးခုသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ)ပါ “ပြည်တွင်း၌ ပုံနှိပ်ထုတ်ဝေခြင်းဖြစ်ပါက ထုတ်ဝေသူသည် ၎င်းထုတ်ဝေသော မည်သည့်ထုတ်ဝေစာကိုမဆို မှတ်ပုံတင်စာရင်းရေးသွင်းခြင်းနှင့် မူပိုင်ခွင့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီးဌာနသို့ ပေးပို့ရမည်” ဆိုသည့် ပြဋ္ဌာန်းချက်ကိုလည်းကောင်း၊ ပုဒ်မ ၁၅ ပါ “မည်သူမျှ သက်ဆိုင်ရာလုပ်ငန်း အသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ” ဆိုသည့် တားမြစ်ချက်ကိုလည်းကောင်း၊ ဖောက်ဖျက်ကျူးလွန်သည့်အပြင် မြန်မာ့ယဉ်ကျေးမှုနှင့်ကိုက်ညီခြင်းမရှိဘဲ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော လိင်တူအချင်းချင်းချစ်ကြိုက်သည့် BL(Boys’ Love), GL(Girls’ Love) စာအုပ်များကို ရောင်းချနေသည့် တရားမဝင်စာမျက်နှာများဖြစ်ကြောင်း တွေ့ရှိရသည်ဟု ပါရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ဝေစာများအား ဖတ်ရှုလေ့လာ၍ စိစစ်ကြပ်မတ်လျက်ရှိပါကြောင်းနှင့် အဆိုပါဥပဒေ စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သော ထုတ်ဝေစာများကိုထုတ်ဝေသည့် ပုံနှိပ်သူ၊ ထုတ်ဝေသူများ၊ ပုံနှိပ်မှတ်တမ်းဖော်ပြထားခြင်းမရှိသည့် တရားမဝင်ထုတ်ဝေစာများကို ရောင်းချနေသည့် စာအုပ်အရောင်းဆိုင်များအား တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သို့ဖြစ်၍ ပုံနှိပ်သူ၊ ထုတ်ဝေသူများနှင့် BL(Boys’ Love), GL(Girls’ Love) စာအုပ်များအား ရောင်းချနေသည့် တရားမဝင်စာအုပ်အရောင်းဆိုင်များ၊ Facebook Page များအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လေးစားလိုက်နာကြရန်နှင့် ဥပဒေပါစည်းကမ်းချက်များကို ဖောက်ဖျက်နေသည့် ထုတ်ဝေစာများကို ရောင်းချခြင်းပြုလုပ်ပါက ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မူရင်းသတင်း — Eleven Media Group