Eleven Media Group

■ ပညာရေးဝန်ကြီးဌာနမှ ဒုညွှန်မှူး(ငြိမ်း) အသတ်ခံရပြီး ၄င်း၏ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများအား ယူဆောင်ထွက်ပြေးသွားသည့်ဖြစ်စဉ်မှ ကျူးလွန်သူအား ဖမ်းဆီးရမိ

ပညာရေးဝန်ကြီးဌာနမှ ဒုညွှန်မှူး(ငြိမ်း) အသတ်ခံရပြီး ၄င်း၏ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများအား ယူဆောင်ထွက်ပြေးသွားသည့်ဖြစ်စဉ်မှ ကျူးလွန်သူအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဩဂုတ်လ(၂၁)ရက်နေ့၊ မွန်းလွဲ (၂)နာရီခွဲခန့်အချိန်ခန့်တွင် ဟင်္သာတမြို့နယ်၊ နိဗ္ဗာန်တိုက်နယ်၊ ရှားခဲအုပ်စု၊ နဲမနိတ် ကျေးရွာနေ ဒေါ်လှလှဝင်း(ဒုတိယညွှန်ကြားရေးမှူး-ငြိမ်း၊ အောက်မြန်မာပြည်၊ ပညာရေးဝန်ကြီးဌာန) ၎င်း၏နေအိမ်တွင် အသတ်ခံရပြီး နေအိမ်ရှိ ရွှေထည်ပစ္စည်းများနှင့် ငွေကြေးများယူဆောင်၍ ထွက်ပြေးသွားသည့်အမှုမှ တရားခံအား ကျူးလွန်ပြီး (၆)ရက်အကြာတွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ အမည်မသိ တရားခံအား ဖော်ထုတ်ဖမ်းဆီးနိုင်ရန် အထူးအမှုစစ်အဖွဲ့အား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းကျော်ဌေး ဦးစီးပြီး ခရိုင်မှု/နှိမ်၊ နိဗ္ဗာန် နယ်မြေရဲစခန်းမှူး ၊ ရှားခဲရဲကင်းစခန်းမှူးအဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စုံစမ်းဖေါ်ထုတ်ခဲ့ရာ ထွက်ပြေးတိမ်းရှောင်သွားသည့် ရန်ကုန်မြို့နေ သီဟကျော်နှင့် ဇနီးဇင်ဇင်နွယ်တို့အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ချိတ်ဆက်၍ ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ဩဂုတ်လ (၂၇)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ အမှတ်(၂၀၈)တွင် သက်သေခံပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံ သီဟကျော်နှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့် နဲမနိတ်ကျေးရွာနေ တင်မျိုးအောင်(ခ)နေလအား ရှားခဲတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုဖြေကြားသည်။

လက်ရှိတွင် ယင်းအမှုအား အသေးစိတ်ဆက်လက်စစ်ဆေးပြီး တရားစွဲတင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group