
ကရင်ပြည်နယ်၊မြဝတီမြို့တွင် (၂၅ )ကြိမ်မြောက် ကရင့်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို အမှတ် ၅ ရပ်ကွက်ရှိ ထာဝရ ကရင်နှစ်သစ်ကူးကွင်း၌ ဩဂုတ်လ၂၈ ရက် ၊(ဝါခေါင်လပြည့်)နေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ အခမ်းအနားတွင် သဘာပတိကြီး ဦးမန်းအောင်ပြည်စိုးက အဖွင့်အမှာစကားပြောကြားခြင်း၊ ကရင့်လက်နက်ကိုင်(၄)ဖွဲ့နာယက တောင်ကလေးအေးရိပ်သာကျောင်းဆရာတော်က သြဝါဒစကား ပြောကြားခြင်း၊ ကရင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးအေးထွေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ချမ်း၊နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးနှင့် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဦးရဲလင်းမောင်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတို့က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီးနောက် ချည်ဖြူဖွဲ့ (လက်ချည်)မင်္ဂလာဖြစ်ပေါ်လာပုံ စာတမ်းကို ပိုးကရင်ဘာသာ၊စေကာကရင်ဘာသာတို့ဖြင့်ဖြင့် ဖတ်ကြားခဲ့သည်။
မြဝတီခရိုင် ကရင်အမျိုးသားချည်ဖြူဖွဲ့မင်္ဂလာပွဲတော်သို့ တက်ရောက်လာသူ ကရင်အမျိုးသားတစ်ဦးက
"ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပရခြင်းမှာ နောင်လာနောင်သားများ ရိုးရာအစဉ်အလာကိုသိရှိစေရန်နှင့် ကျန်းမာရေး ၊စီးပွား၊မိသားစုများပြန်လည်ဆုံစည်းရေးအတွက် လိပ်ပြာခေါ် ဆုတောင်းခြင်းတစ်မျိုးဖြစ်ပါတယ်။ ချည်ဖြးဖွဲ့ မဂ်လာ ကျင်းပရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ အရှေ့ပိုးကရင် ရော၊အေနာက်ပိုးကရင် ရော စည်းလုံးညီညွတ်ဖို့ နဲ့ စကောထဲမှာ ပါဝင်တဲ့ပစ္စည်းတွေနဲ့ သူတို့ရဲ့အဓိပ္ပါယ်ကို ယနေ့ခေတ်လူငယ်တွေသိရှိအောင် ၊ဝါခေါင်လရောက်တိုင်း ပျံ့လွင့်နေသော ညီကိုမောင်နှမတို့ကိုပြန်လည်စုစည်းအောင်၊ ကျန်းမာရေး၊စီးပွားရေး ကောင်းမွန်စေးဖို့အတွက် ဆုတောင်လိပ်ပြာခေါ်တာ၊(လက်ချည်)ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို ကျင်းပရတာဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
ကရင်အမျိုးသားများသည် လက်ရှိနေထိုင်ရာ မြန်မာနိုင်ငံအတွင်းသို့ ဘီစီ (၇၃၉) ခုနှစ်က စတင်ဝင်ရောက် အခြေချနေထိုင်ကြသူများဖြစ်ပြီး ကရင်နှစ်မှာ ယခုနှစ်တွင် ကရင့်သက္ကရာဇ် ၂၇၆၅ ခုနှစ် ရှိပြီးဖြစ်သည်။
ပွဲတော်ကျင်းပရေးကော်မတီဝင် တစ်ဦးက "ကရင်လူမျိုးတွေဟာ ဝါခေါင်လ ချည်ဖြူဖွဲ့ပွဲကို ကိုးကွယ်ယုံကြည်ရာ ဘာသာတရားများမပေါ်ထွန်းမီကာလကပင် စတင်ကျင်းပလာကြခြင်းဖြစ်တဲ့ အတွက် ချည်ဖြူဖွဲ့ပွဲဆိုတာဟာ ကိုးကွယ်ယုံကြည်ရာဘာသာတရားနဲ့လုံးဝပတ်သက်မှုမရှိပါဘူး၊ ကရင့်အမျိုးသား ယဉ်ကျေးမှုတရပ်သာ ဖြစ်ပါတယ်"ဟုပြောဆိုခဲ့သည်။
ရှေးကရင်လူကြီးသူမများက ဝါခေါင်လသည် မကောင်းဆိုးဝါးများပျော်မြူးသည့် လရာသီဖြစ်ပြီး မကောင်းဆိုးဝါးများ၏ လိပ်ပြာများ သားသမီးမြေးမြစ်များအပေါ်ကျရောက်ပါက မကောင်းသော အကြောင်းအရာများနှင့်ကြုံတွေ့ရနိုင်သည်ဟု အယူအဆရှိကြသည့်အတွက် အကာအကွယ်ပြုသည့်အနေနှင့် သားသမီးများ၏ လက်ကောက်ဝတ်တွင် ချည်ဖြူခင် အပါအဝင် အဆောင်အယောင် ၇ မျိုးဖြင့် စီမံထားသောအရာဖြင့် အကာအကွယ် ပြုလုပ်ပေးရာမှ ဆင်းသက်လာသည့် ဓလေ့တခုဖြစ်သည်ဟုဆိုသည်။
မျက်မှောက်ခေတ်တွင် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူမင်္ဂလာဖွဲ့ပွဲကို ကရင်အမျိုးသားထုအတွင်း စည်းလုံးညီညွတ်ခြင်းကို ဖော်ဆောင်သည့် ညီညွတ်ရေးပွဲတော်တရပ်အဖြစ် စုပေါင်းကျင်းပကြသည့် ကရင့်အမျိုးသား ယဉ်ကျေးမှု ပွဲတော်တရပ်ဖြစ်သည်။
အဆိုပါ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားသို့ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊မြို့နယ်စီမံအုပ်ချုပ်ရေးမှတာဝန်ရှိသူများ ၊ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ကရင်တိုင်းရင်းသားများ ထောင်နှင့်ချီ၍တက်ရောက်ခဲ့ကကြောင်းသိရသည်။
■ Photo: ကိုရွှေသိန်း(မြဝတီ)